သံဖြူဇရပ် ဇန်နဝါရီ ၆
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ် တာဝန်ခံ) ဦးကိုကိုလွင်သည် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့နှင့်အတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံတည်နေရာ ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် တာဝန်ထမ်းဆောင်ရမည့် ဆရာ ဆရာမများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လွတ်လပ်စွာ ကြိုတင်ဆန္ဒမဲပေးနေမှုကို လိုက်လံကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဖွင့်လှစ်သည့် သင်တန်းတွင် မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများ၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်အသုံးပြု နည်းစနစ်များနှင့် မဲရုံစတင်မဖွင့်လှစ်မီ ကြိုတင်ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးနေစဉ်နှင့် မဲရုံပိတ်သိမ်းချိန် ဆောင်ရွက်ရမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲရုံမှူး၊ ဒုမဲရုံမှူးတို့၏ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဆရာ ဆရာမများက သိရှိလိုသည်များကို ပြန်လည်တင်ပြ ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


