ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ၈ ပါတီတို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ရန်ကုန် စက်တင်ဘာ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦး နှင့် ဦးကိုကိုလွင် တို့သည် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီ (Karen National Democratic Party)၊ ချင်းပြည်နယ်အခြေစိုက် ခူမီးအမျိုးသားပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party(S.S.P)]၊ နာဂအမျိုးသားပါတီ [Naga National Party(NNP)]၊ မွန်ပြည်နယ် အခြေစိုက် အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ(NIDP)နှင့် ရှမ်းပြည်နယ်အခြေစိုက် “ဝ”အမျိုးသားပါတီ (WA NATIONAL PARTY)တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမ၌တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို စစ်ဆေးသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး နှင့် ဦးကိုကိုလွင် က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရ သတ်မှတ်ထားသည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း စုစည်းရမည့် ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့် ရက်ပေါင်း ၁၈၀ အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနများမှ ခွင့်ပြုချက် တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများ ဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျ ဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာန တို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိရန်၊ ပါတီအလံနှင့် ဆိုင်းဘုတ်များကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ရန်၊ ပါတီ၏ ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲဆောင်ရွက်ရန်။

ပါတီဝင်အင်အားစာရင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ Member Lists of Political Parties Scrutinizer System(MLPPS) Software စသည်တို့ဖြင့် စစ်ဆေးလျက်ရှိသောကြောင့် စည်းရုံးရရှိထားသော ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်များနှင့်အညီ တင်ပြသွားရန်၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဈ)တွင် “အခြားနိုင်ငံရေးပါတီတစ်ခုခု၏ ပါတီဝင်မဟုတ်ခြင်း” ဖြစ်သူကို ပါတီဝင်အဖြစ် စည်းရုံးရမည်ဟု ပြဋ္ဌာန်းထားပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၈)တွင် “ပုဒ်မ ၁၀ ပါ အချက်တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားရှိခြင်း” ရှိပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဟု ပြဋ္ဌာန်းထား၍ ပါတီများအနေဖြင့် ဥပဒေများနှင့်အညီ ပါတီဝင် အင်အားစာရင်းအား စိစစ်တင်ပြသွားရန်၊ ပါတီဝင်များကိုင်ဆောင်ထားသည့် သုံးခေါက်ချိုးအမျိုးသား မှတ်ပုံတင်ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုး လဲလှယ်နိုင်ရေးနှင့် အချက်အလက် မှားယွင်းကွဲလွဲမှုများရှိက သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်၊ လာမည့်ရွေးကောက်ပွဲတွင် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးသွားမည်ဖြစ်၍ မိမိပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ခံရရန် အခွင့်အလမ်း ပိုမိုရရှိလာနိုင်သည်ဖြစ်၍ ခိုင်မာအားကောင်းသည့် နိုင်ငံရေး ပါတီများအဖြစ် ပြင်ဆင်တည်ဆောက်ထားကြရန်၊ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုရှိရေးအတွက် မဲစာရင်းပြုစုခြင်းနှင့် စိစစ်ခြင်းလုပ်ငန်းများတွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်ဆောင်ရွက်ခွင့်ပြု သွားမည်ဖြစ်၍ ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြရန်နှင့် လာမည့် ရွေးကောက်ပွဲတွင် MEVM (Myanmar Electronic Voting Machine) စက်ဖြင့် မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းပြောကြားသည်။

ယင်းနောက် ပါတီတာဝန်ရှိသူများက ပါတီလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တွေ့ဆုံပွဲသို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရန်ကုန်တိုင်းဒေသကြီးရွေး ကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၈ ပါတီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်