နေပြည်တော် ၂ ဧပြီ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှုမြှင့်တင်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ မူဝါဒရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အထိ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိမှု၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် အသိပညာပေး သင်တန်းများဖွင့်လှစ်ပို့ချ လျက်ရှိသည့် အခြေအနေ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် အမျိုးသမီးပါဝင်မှု မြှင့်တင်ပေးနိုင်ခဲ့သည့် အခြေအနေ၊ သက်ဆိုင်ရာ လွှတ်တော်များတွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုမြှင့်တင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့များနှင့် အလုပ်ရုံဆွေး နွေးပွဲများဆောင်ရွက်ခဲ့မှု အခြေအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီး Mr. Nicolas Burniat က UN Women အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲအသစ်ဖွင့်လှစ်၍ ကျား/မ တန်းတူညီမျှရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကျား/မ တန်းတူညီမျှရေး လုပ်ငန်းများ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီနိုင်မည့် အခြေအနေနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


