နေပြည်တော် စက်တင်ဘာ ၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ အလုပ်သဘောခရီး ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ တွင် ပေကျင်းမြို့ Beijing Capital International Airport မှနေ၍ ဟာပင်းမြို့သို့ ထွက်ခွာကြရာ လေဆိပ်တွင် ပေကျင်းမြူနီစီပယ်အစိုးရ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲ တွင် ဟာပင်းမြို့ Taiping International Airport သို့ ရောက်ရှိကြရာ တရုတ်အစိုးရမှ ဒုတိယဝန်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Harbin Institute of Technology သို့ သွားရောက် ကြည့်ရှုလေ့လာကြရာ Harbin Institute of Technology ၏ ဥက္ကဋ္ဌ Mr. Han Jie Cai နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် တက္ကသိုလ် ပြတိုက်အတွင်း၌ တက္ကသိုလ်၏ မိတ်ဆက်ဗီဒီယိုကို ကြည့်ရှု၍ အာကာသ ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် မစ်ဇိုင်းများထုတ်လုပ်ခဲ့မှု၊ ဒုံးပျံများ၊ ဂြိုဟ်တုများ သုတေသနပြု တီထွင် ထုတ်လုပ်ခဲ့မှု၊ နိုင်ငံတော်ကာကွယ်ရေးအတွက် နျူကလီးယားဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံးများ စမ်းသပ် တီထွင်အောင်မြင်ခဲ့မှု၊ ကဏ္ဍအလိုက် ဂြိုဟ်တုများတီထွင်ထုတ်လုပ် လွှတ်တင်ခဲ့မှု၊ အာကာသပိုင်းဆိုင်ရာ အောင်မြင်မှုများ၊ လကမ္ဘာသို့ ဆင်းသက်မှုပြခန်း၊ အာကာသယာဉ်များ လွှတ်တင်ခဲ့မှု၊ တရုတ်နိုင်ငံမှ ပေါ်ထွန်းခဲ့သည့်အာကာသပညာရှင်များ ပြခန်းတို့အား လှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းပြသမှုများအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးပြီး Harbin Institute of Technology နှင့် မြန်မာနိုင်ငံ အကြား အာကာသဆိုင်ရာ နည်းပညာများ မျှဝေနိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌက Harbin Institute of Technology ၏ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌထံ Harbin Institute of Technology ၏ ဥက္ကဋ္ဌက အာကာသစခန်းပုံစံ ငယ်အား အမှတ်တရလက်ဆောင် အဖြစ်ပေးအပ်ပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ကာ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ ညနေပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Harbin Electric Corporation သို့ သွားရောက် လေ့လာကြရာ Harbin Electric Corporation မှ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ယင်းနောက် ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏ မိတ်ဆက်ဗီဒီယိုကို ကြည့်ရှုကြပြီး ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် ရေအားလျှပ်စစ်သုံး ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအား လျှပ်စစ်သုံး ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကျောက် မီးသွေး စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် လိုအပ်သည့် ဂျင်နရေတာများနှင့် ဆက်စပ်ပစ္စည်းကိရိယာများ ထုတ်လုပ်လျက်ရှိမှု၊ Green Power Energy ထုတ်လုပ်ခြင်းများ ဖြစ်အောင်ဆောင်ရွက်လျက်ရှိမှု၊ အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆေင်ရွက်လျက် ရှိမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ကြသည်။
ဆက်လက်၍ စက်ရုံအတွင်း Ai စနစ်အသုံးပြု၍ စက်ပစ္စည်း ကိရိယာများ ထုတ်လုပ်နေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုတွင် ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် စက်ရုံမှတာဝန်ရှိသူတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


