နေပြည်တော် စက်တင်ဘာ ၂

 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့၌ အလုပ်သဘောခရီး ရောက်ရှိနေသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် စစ်သံရုံးမိသားစုများ၊ ပညာတော်သင် ကျောင်းသား ကျောင်းသူများအား ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်ဇနီး၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့်ဇနီး၊ သံရုံး၊ စစ်သံရုံးမိသားဝင်များနှင့် ပညာတော်သင် ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။

 

ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးတို့က သံရုံး၊ စစ်သံရုံး မိသားစုများအား တစ်ဦးချင်း မိတ်ဆက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ HE Mr. Xi Jinping ၏ ဖိတ်ကြားမှုကြောင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organi-sation - SCO SUMMIT 2025 Plus) နှင့် တရုတ်ပြည်သူများ ၏ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် တရုတ်ပြည်သူများ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ နိုင်ငံတကာအခမ်းအနားများသို့ တက်ရောက်ခွင့် ရခြင်းသည် မိမိတို့နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးရလဒ်များကို ရရှိစေကြောင်း၊

 

မိမိ၏ အလုပ်သဘောခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ၊ အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး ကောင်းမွန်သည့် ရလဒ်များရရှိအောင် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံမှုများ ကောင်းမွန်တိုးတက်လျက်ရှိကြောင်း၊ အလားတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ဆက်ဆံမှုတိုးတက်ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိနိုင်ငံ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီး အချိန်မှစတင်၍ နိုင်ငံရေးစနစ်အမျိုးမျိုး၊ စီးပွားရေးစနစ် အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်၍ နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာမှုရှိစေရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ ပထမအစိုးရသက်တမ်းတွင် ဒီမိုကရေစီစနစ်ခိုင်မာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သကဲ့သို့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိစေရေး အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် မဖြစ်မနေလိုအပ်ကြောင်း၊

 

တပ်မတော်သားများသည် ပြည်သူများ၏ အစိတ်အပိုင်း၊ တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်သည်နှင့်အညီ ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက် လျှောက်လှမ်းနိုင်ရေး တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။

 

မိမိတို့အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် မဲဆန္ဒရှင်စာရင်းများကို ရရှိနိုင်သကဲ့သို့ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အထောက်အကူပြု နိုင်ကြောင်း။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံးဆန္ဒမဲပေးနိုင်ရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ရွေးကောက်ပွဲအား ဒေသအလိုက် တည်ငြိမ်အေးချမ်းမှုများကိုအခြေခံ၍ အပိုင်းလိုက်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း အဆိုပါမဲပေးစနစ်ဖြင့် ဆန္ဒမဲများ ပေးလျက်ရှိကြောင်း၊ ဒီမိုကရေစီနိုင်ငံများ၌ ရွေးကောက်ပွဲသည် အရေးကြီးပြီး ရွေးကောက်ပွဲ ပြုလုပ်ရာတွင် မဲမသာမှုများမဖြစရန် အရေးကြီးကြောင်း၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များအနေဖြင့် ပညာတတ်များဖြစ်ရန်လည်း လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် နိုင်ငံအတွက်၊ ဒေသအတွက် အကျိုးပြုနိုင်မည့်သူကို ကိုယ်စားလှယအဖြစ် ရွေးချယ်နိုင်ရန်လိုကြောင်း၊

 

စီးပွားရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးစ အချိန်မှစတင်၍ နိုင်ငံရေး စနစ်အမျိုးမျိုး၊ စီးပွားရေစနစ် အမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် စီမံခန့်ခွဲမှုနှင့် လွဲမှားသည့်မူဝါဒများကြောင့် နိုင်ငံစီးပွားရေးမှာ ကျဆင်းခဲ့ကြောင်း၊ မိမိတို့တာဝန် ယူချိန်တွင် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း၌ ထုတ်ကုန်များ ထုတ်လုပ်မှုများ တိုးတက်အောင် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ သို့မှသာ ပြည်တွင်းသုံးစွဲမှုဖူလုံပြီး ပိုလျှံသည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း ထုတ်ကုန်များတိုးတက်အောင်ထုတ်လုပ်နိုင်မှသာ နိုင်ငံ၏ စီးပွားရေးမှာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းအနေဖြင့် အလုပ်လုပ်မှသာ နိုင်ငံ၏ စီးပွားရေးမှာ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် အတန်းပညာရှိသည့် ပညာတတ် လူသား အရင်းအမြစ်များ လုံလောက်စွာရှိရန် လိုကြောင်း၊ အတန်းပညာများ တိုးတက်လာမှသာ အသိပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် “နိုင်ငံတော်ရွေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကို အားပေးစို့”၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံအတွင်း နေထိုင်ကြသူများ အားလုံးတွင် တာဝန်ရှိကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် သံတမန်တာဝန် ထမ်းဆောင်နေကြသူများရှိသကဲ့သို့ နိုင်ငံတော်၏အကျိုးကို ထမ်းဆောင်နိုင်ရန်အတွက် ပညာတော်သင်အဖြစ် လာရောက် ပညာသင်ကြားနေကြသူများလည်းရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တတ်နိုင်သည့်ဘက်မှ အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံးမိသားစုများနှင့် ပညာတော်သင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ သံရုံး တော်သင်များက လက်ခံရယူကြသည်။

 

ရင်းရင်းနှီးနှီးနှုတ်ဆက်

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက သံရုံး၊ စစ်သံရုံး မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကြောင်း သိရသည်။

သတင်းစဉ်