မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများအပေါ် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုနှင့် သံတမန်ရေးရာအရ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာဆွေးနွေး
နေပြည်တော် ဩဂုတ် ၃၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ တီယန်ကျင်း ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ရင်းရင်းနှီးနှီးကြိုဆို နှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ထို့နောက် တွေ့ဆုံပွဲအခမ်း အနားကိုကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်အတူ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Wang Yi ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အမြဲထောက်ခံရပ်တည်
ထိုသို့ တွေ့ဆုံဆွေးနွေးရာ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping က ယခုကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025) နှင့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်အသိအမှတ်ပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် SCO အဖွဲ့၏ ဆွေးနွေးဖက်နိုင်ငံဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့သည့်နိုင်ငံ ဖြစ်ကြောင်း၊ တရုတ်နှင့် မြန်မာသည် ခိုင်မာသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးရှိသည့် အိမ်နီးချင်း နိုင်ငံများဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေးကို အမြဲထောက်ခံ ရပ်တည်အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုများ ကိုလည်း ထောက်ခံပြီး မြန်မာပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံအေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်အတိုင်း ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နှစ်နိုင်ငံဆက်ဆံရေးကိုပိုမို အရှိန်အဟုန်မြှင့်တင်
ထို့နောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးပြော ကြားရာတွင် မိမိတို့မြန်မာနိုင်ငံ အနေဖြင့် ဖက်ဆစ်အား ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် စတင်တော်လှန်ခဲ့ကြောင်း၊ မြန်မာ့တပ်မတော်၏ တပ်မတော်နေ့ကို ဖက်ဆစ်အား တော်လှန်ခဲ့သည့် မတ်လ ၂၇ ရက်ကိုသတ်မှတ်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ နှစ်(၈၀)ပြည့် အခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး ညီလာခံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မည့် အလေးထားရသော ညီလာခံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလတွင် SCO ၏ ဆွေးနွေးဖက်နိုင်ငံဖြစ်လာပြီး အစည်းအဝေးများ စတင်တက်ရောက်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရေး တရုတ်နိုင်ငံအနေ ဖြင့် ဆက်လက်ထောက်ခံပေးစေ လိုကြောင်း၊ ယခုတွေ့ဆုံဆွေးနွေး မှုမှသည် နှစ်နိုင်ငံအကြား ကောင်းမွန်သည့် ဆက်ဆံရေးကို ပိုမိုအရှိန် အဟုန် မြှင့်တင်ဆောင်ရွက်သွား နိုင်မည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ ကုန်သွယ်မှု မြှင့်တင်ရေး ဆိုင်ရာကိစ္စရပ်များ၊ OBOR စီမံ ကိန်းနှင့် မြန်မာစီးပွားရေးစင်္ကြံ (CMEC) ၌ပါဝင်သည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝ သယံဇာတများအား အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ကြီးနှင့် ပတ်သက်၍ အကူအညီပေးရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာမျက်နှာစာ၌ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထောက်ခံအားပေး ရပ်တည်ချက်အပေါ် အထူးအလေးထားမှုနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုအရှိန်မြှင့်တင်နိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဒီဇင်ဘာ လ ၂၈ ရက်နေ့၌စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ခေါ်ထား သည့်အခြေအနေများနှင့် ပတ်သက် ၍ ကျယ်ပြန့်စွာ ဆွေးနွေးကြသည်။
ထို့နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတက ဆွေးနွေး ပြောကြားရာတွင် ၂၀၂၅ ခုနှစ်၊ မေလတွင် မော်စကိုမြို့၌ တရုတ်၊ မြန်မာခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးစဉ် သဘောတူညီခဲ့သည့် ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး၌ ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်မှု၊ တရုတ်-မြန်မာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် များ၊ မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးအတွက် တရုတ်နိုင်ငံ ၏ အပြုသဘောဆောင်သော ရပ်တည်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နိုင်ငံတကာမျက်နှာစာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ဆက်ဆံရေးတို့၌ မြန်မာနိုင်ငံအနေဖြင့် သိက္ခာမြင့်မားစွာ ရပ်တည်နိုင်ရေး ကိစ္စရပ်များအား ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုနှင့်သံတမန်ရေးရာအရ ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များ၊ SCO အဖွဲ့ဝင်နိုင်ငံအဖြစ် ထောက်ခံပေးမည့်အခြေအနေများ၊ နှစ်နိုင်ငံ ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်ပြီး အပြန်အလှန်ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


