နေပြည်တော် စက်တင်ဘာ ၆
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ H.E. Mr. Xi Jinping ၏ ဖိတ်ကြားမှုအရ တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (Shanghai Cooperation Organisation – SCO SUMMIT 2025 Plus)နှင့် တရုတ်ပြည်သူများ၏ ဂျပန် ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့ရှိ Chengdu Shuangliu အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ထွက်ခွာရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ဇော်ဇော်နိုင်၊ စီချွမ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ ချုံချင့်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် တာဝန်ရှိ သူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဝါဝါမောင်၊ ဦးမင်းနောင်၊ ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြရာ ကော်မရှင်ဒုတိယ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင် အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ပြည်သူများ၊ တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့ များ၊ ဘာသာပေါင်းစုံအသင်း အဖွဲ့ များ၊ အနုပညာရှင်များနှင့် ဒေသခံ ပြည်သူများက တပ်မတော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် “တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ”၊ “အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ”၊ “ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျန်းမာပါစေ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေးခိုင်မြဲပါစေ”၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ” စသည့် ကြွေးကြော်သံများကို ကြွေးကြော်၍လည်းကောင်း၊ “မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအလိုက် အောင်မြင်ပါစေ”၊ “နိုင်ငံ့အရေးအတွက် ဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏”၊ “မြန်မာ-တရုတ် အေးအတူပူအမျှဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှု အောင်မြင်ပါစေ” စသည့်ဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း တရုတ်-မြန်မာ နှစ်နိုင်ငံ အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆို ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာစဉ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာကြ သည့် မီဒီယာများ၏သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေ ကြားခဲ့ပြီး မေးမြန်းဖြေကြားမှု အပြည့်အစုံမှာ -
ကျွန်တော်ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်နေ့ကနေစပြီးတော့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးအပေါင်းအစည်းအဝေးကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သမ္မတကြီး မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တက်ခဲ့ပါတယ်။ ဒီမှာလည်း အစည်းအဝေးအဖွဲ့ဝင် နိုင်ငံတွေ၊ လေ့လာသူနိုင်ငံ၊ ဆွေးနွေးဖက်နိုင်ငံတွေ တက်ကြပါတယ်။ တော်တော်များများ ခေါင်းဆောင်တွေနဲ့ Bilateral တွေ့ဆုံနိုင်ခဲ့တာရှိသလို တွေ့ဆုံဆွေနွေးပြောကြားမှုတွေလည်း ရှိပါတယ်။ အလားတူစွာပဲ စက်တင်ဘာလ ၃ ရက်နေ့မှာပြုလုပ်တဲ့ တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။ တော်တော်ကို အောင်မြင်တဲ့၊ ကောင်းမွန်တဲ့ အခမ်းအနားတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့်ကမ္ဘာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ အခြေအနေအရပ်ရပ်ကို ဒီမှာပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးခဲ့တာရှိတယ်။ ကျွန်တော် နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အချိန်မှာလည်း နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်တွေနဲ့ မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲအခြေအနေကို ကျွန်တော်ရှင်းပြပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရော၊ တွေ့ဆုံပြောဆိုနိုင်ခဲ့တဲ့ ခေါင်းဆောင်တွေရောက မြန်မာနိုင်ငံကို ကမ္ဘာမှာအပြည့်အဝ နားလည်ပြီးတော့မှ အားလုံး ရပ်တည် ထောက်ခံမှု ပြုခဲ့ကြတယ်။ စောစောကပြောတဲ့ ဒီဇင်ဘာလမှာပြုလုပ်မယ့် ရွေးကောက်ပွဲလည်း အားလုံး ထောက်ခံတယ်။ သူတို့လည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ အောင်မြင်အောင် သူတို့ဆန္ဒပြုတဲ့ အကြောင်းတွေလည်း သူတို့ပြောပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့ရက်က တရုတ်နိုင်ငံ အရှေ့ မြောက်ပိုင်းမှာရှိတဲ့ ဟာပင်းမြို့ကို သွားခဲ့ပါတယ်။ အဲ့မှာလည်း စိုက်ပျိုးရေးလုပ်ငန်း၊ အီလက်ထရောနစ်၊အင်ဂျင်နီယာ လုပ်ငန်းဒါတွေကြည့်ခဲ့တာပေါ့လေ။ ထို့အတူပဲ နောက်ဆုံးခရီးစဉ် အဖြစ် စီချွမ်ပြည်နယ် ချန်ဒူးကို ရောက်ပါတယ်။ စီချွမ်ပြည်နယ်မှာလည်း ငလျင်ဒဏ်နဲ့ပတ်သက်ပြီး ကြုံတွေ့ခံစားပြီးတော့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တကယ့်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တော့ သူတို့ရဲ့ အတွေ့အကြုံကို မျှဝေကြည့်ရှုခဲ့တာရှိတယ်။ နောက်စိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ မေးမြန်းဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်။ အင်မတန် အားရဖို့လည်းကောင်းပါတယ်။ အလားတူပဲ တီယန်ကျင်းရော၊ ချန်ဒူးမှာရော တရုတ်နိုင်ငံရဲ့ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွေ၊ ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ခဲ့ပြီးတော့ ကျွန်တော်နဲ့ပါလာတဲ့ ဝန်ကြီးတွေကလည်း သူတို့ရဲ့မေးမြန်းချက်တွေလည်း ဖြေကြားပေးတာတို့ ကျွန်တော်ကိုယ်တိုင်လည်း သူတို့ရဲ့ သိလိုတဲ့အချက်အလက်တွေပေါ့၊ သူတို့မေးတဲ့အပြင်ကို ကျွန်တော်ကလည်းသိသင့်တဲ့ အချက်အလက်တွေကိုလည်း ဖြေပေးနိုင်ခဲ့ပါတယ်။ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကတော့ တော်တော်ကိုတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ် လို့ပြောချင်တယ်။ နောက်တစ်ခုကလည်း တရုတ်နိုင်ငံကတော့ အလုံးစုံ AI ကို အတော်လေး ဦးစားပေးလာတာတွေ့ပါတယ်။ Green Zone ၊ Green Revolution လို့ပြောမလား အစိမ်းရောင်နဲ့ ပတ်သက်တဲ့ဟာကိုတော့ သူတို့ တော်တော်ဦးစားပေးတာကို တွေ့တယ်။ ကျွန်တော်တို့ တော်တော်အတုယူဖို့ ကောင်းပါတယ်။ ကျွန်တော်တို့လည်း မြန်မာနိုင်ငံမှာလည်း “နိုင်ငံတော် သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဆိုတဲ့ ဆောင်ပုဒ်နဲ့လုပ်နေတာရှိပါတယ်။ ကျွန်တော့်ရဲ့ မူဝါဒပါပဲ။ ကျွန်တော်တို့က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ နိုင်ငံတော်ကို လှုပ်ရှားရမှာဖြစ်ပါတယ်။ အလားတူစွာပဲ အစည်းအဝေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့လည်း ကုန်ထုတ်လုပ်မှုတွေ လုပ်မှရမယ်။ သူတို့ဆီကနေ ကုန်ပစ္စည်းတွေ သွင်းရုံနဲ့ မရဘူး။ ကျွန်တော်တို့ ပစ္စည်းတွေလည်း ပို့ဖို့လည်းလိုတယ်။ ကုန်ထုတ်လုပ်မှုတွေ ကျွန်တော်တို့ လုပ်ရမယ်။ ဒါကြောင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုတဲ့ ဆောင်ပုဒ်လေး ကျွန်တော်နဲ့ ဆောင်ရွက်နေတာရှိပါတယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ဖို့လိုတယ်။ အလုပ် မလုပ်ဘဲနဲ့တော့ မရဘူး။ နောက်တစ်ခါ နည်းပညာလည်း တော်တော်မြင့်မားတာတွေ့ပါတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ခရီးစဉ် အကြိမ်ကြိမ်ရှိပါပြီ။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေက အံ့မခန်းဖွယ်ရာ ဖြစ်အောင်ရှိပါတယ်။ တကယ်ကို တကယ်လက်တွေ့ကျကျ သုံးသပ်ကြည့်မယ်ဆိုရင် ဒီအတိုင်းပဲတွေ့ပါတယ်။ ကျွန်တော်တို့က သူတို့ကိုအမီလိုက်နိုင်ဖို့ တော်တော်ကိုလိုပါတယ်။ တိုးတက်ဖို့ဆိုရင်လည်း အတတ်ပညာ၊ အသိပညာတွေ တော်တော်လိုပါတယ်။ အတတ်ပညာ၊ အသိပညာရဖို့အတွက်ဆိုရင် ပညာရေးကလည်း အခြေခံတွေကောင်းမှ ရမယ်။
ဒါကြောင့် အခြေခံဖြစ်တဲ့ ပညာရေးကောင်းအောင်လည်း ကြိုးစားဖို့လိုပါတယ်။ ပညာတတ်တွေ ပေါကြွယ်ဝပြီဆိုမှ အတတ်ပညာတွေ ပိုကောင်းလာပြီးတော့ သူတို့နဲ့ယှဉ်ပြီးလုပ်နိုင်မယ်။ သူတို့ ကျွန်တော့်ကို မေးတဲ့မေးခွန်းတစ်ခုရှိတယ်။ သူတို့တကယ်လို့ မြန်မာနိုင်ငံမှာ လာရောက်အလုပ် လုပ်ပြီဆိုရင် မြန်မာနိုင်ငံက လူသားအရင်းအမြစ်တွေကို ရနိုင်မလားဆိုတဲ့ဟာတွေ၊ သတ်မှတ် ထားတဲ့အတိုင်း တာဝန်ပေးရမှာလား ဆိုတဲ့မေးခွန်းတွေ မေးလာတယ်။ ကျွန်တော်တို့ ဥပဒေက လုပ်ကိုလုပ်ရမယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင်လည်း သူတို့နဲ့လက်တွဲပြီးတော့မှ ယှဉ်တွဲပြီးလုပ်နိုင်မယ့် လူသားအရင်းအမြစ်တွေလိုတယ်။ အဲဒီလူသားအရင်းအမြစ်တွေ မလုပ်နိုင်ဘဲနဲ့ ကျွန်တော်တို့ ဘယ်လို လက်တွဲ လုပ်လို့ရမလဲ။ ဒါကြောင့် ကျွန်တော်တို့တိုင်းပြည်ကို ကျွန်တော်ပြောချင်တာက တော့ ကျွန်တော်တို့ကြိုးစား အားထုတ်ဖို့ လိုတယ်ဆိုတာပြောချင်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့လိုတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက်ဆိုရင် တကယ်ကို အသိရှိရှိနဲ့ လုပ်မှရမှာ။ ကျွန်တော်တို့ ရပ်တည်ချက်လည်း ဘယ်လိုမှမပြောင်းလဲပါဘူး။ ကျွန်တော် ရအောင်လုပ် သွားမှာဖြစ်ပါတယ်။
လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲပြီးလို့ရှိရင် နောက်ထပ်ဖြစ်ပေါ်လာမယ့် ပြည်သူကရွေးချယ်တဲ့ လမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့ နိုင်ငံတော်ရဲ့ရှေ့ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာမှ ကျွန်တော်တို့က ဒါကိုပဲ အငြင်းပွားပြီးတော့မှ လုပ်နေမယ်ဆိုရင် ကနကောစ လုပ်နေမယ်ဆိုရင်တော့ တိုးတက်မှုအသီးအပွင့်တွေဟာ အပြည့်အဝခံစားရမှာတော့ မဟုတ်ဘူး။ ဒါကြောင့် တည်ငြိမ်အေးချမ်းဖို့အတွက်လည်း လိုပါတယ်။ တည်ငြိမ်အေးချမ်းဖို့ဆိုရင် နိုင်ငံရေး အသိရှိရှိနဲ့ လုပ်ဖို့လည်းလိုပါမယ်။ နံပါတ်တစ်အချက် တည်ငြိမ်အေးချမ်းအောင် ကြိုးစားရမယ်။ အတန်းပညာရှိအောင် ကြိုးစားရမယ်။ ပြီးလို့ရှိရင် ပညာရေးနဲ့ပတ်သက်ပြီး ရအောင်မြှင့်တင် ပေးရမယ်။ကျွန်တော်တို့ အလုပ်လုပ်ဖို့လိုတယ်။ ဒါတွေလုပ်နိုင်မှသာ ကျွန်တော်တို့အခုသွားတဲ့ ဒီခရီးစဉ်အတွင်းမှာ ရရှိခဲ့တဲ့ရလဒ်တွေကို ကျွန်တော်တို့က ပြည့်ပြည့်ဝဝအကောင်အထည် ဖော်နိုင်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်ဗျ။
သတင်းစဉ်


