နေပြည်တော် စက်တင်ဘာ ၂၇

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Kassym-Jomart Tokayev နှင့် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတ နန်းတော်၌ တွေ့ဆုံသည်။

 

ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတနန်းတော်သို့ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့က ဂါရဝပြုကြိုဆိုပြီး ကာဇက်စတန် သမ္မတနိုင်ငံ သမ္မတက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်သည်။

 

ထို့နောက် သမ္မတနန်းတော် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြရာ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ တွဲဖက် အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြပြီး ကာဇက်စတန်သမ္မတနိုင်ငံသမ္မတနှင့်အတူ ကာဇက်စတန်သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr. KOSHERBAYEV Yermek Bedelbayevich နှင့် အစိုးရအဖွဲ့ အကြီးအကဲများ တက်ရောက်ကြသည်။

 

ထိုသို့တွေ့ဆုံရာတွင် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင်များအား ကာဇက်စတန်နိုင်ငံမှ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်း၊ အဆွေတော်သည် ကာဇက်စတန်နိုင်ငံသို့ ပထမဦးဆုံးလာရောက်သည့် မြန်မာနိုင်ငံမှ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံ သမိုင်း ကြောင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် ပထဝီဝင် အနေအထားအရ အချက်အချာကျသည့် နေရာတွင်တည်ရှိနေသည်ကို လေ့လာသိရှိရပါကြောင်း၊ မြန်မာနိုင်ငံနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရန် မိမိတို့အနေဖြင့် အသင့် ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ တောင်ဘက်တွင်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မိမိတို့ ကာဇက်စတန်နိုင်ငံအနေဖြင့်လည်း ရုရှား နိုင်ငံဘက်မှကြည့်မည်ဆိုပါက logistic ပိုင်းဆိုင်ရာလုပ်ငန်းများကို အကောင်းဆုံး ဖြတ်သန်းဆောင်ရွက်နိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ရုရှားနိုင်ငံသာမက အရှေ့တောင်အာရှ နိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ဦးစွာပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌက မိမိဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယခုကဲ့သို့လှိုက်လှဲနွေးထွေးစွာကြိုဆိုပြီး ဧည့်ဝတ် ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ကာဇက်စတန်နိုင်ငံသို့ ရောက်ရှိစဉ် အဆွေတော်တို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သာယာလှပမှုများကို မျက်ဝါးထင်ထင် တွေ့မြင် ရသည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း၊ မိမိအနေဖြင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်၊ အမြင်ချင်းဖလှယ်နိုင်ရန် လာရောက် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုတိုးမြှင့်ပြီး ပူးပေါင်းဆောင်ရွက်မှုများ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တွန်းအားတစ်ခု ဖြစ်စေလိမ့်မည်ဟု ယုံကြည် မိပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ပထဝီအနေအထားအရ အလှမ်းဝေးကွာသော်လည်း ချစ်ကြည် ရင်းနှီးသည့် နိုင်ငံများဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍပေါင်းစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍ၊ စိုက်ပျိုး မွေးမြူရေး ကဏ္ဍ၊ ကုန်ပစ္စည်းများသယ်ယူပို့‌ဆောင်ရေးကဏ္ဍ၊ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးကဏ္ဍ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုကဏ္ဍတို့အပါအဝင် ကဏ္ဍ ပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

 

 

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံသမ္မတက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့တက်ရောက်၍ နေ့လယ်စာ အတူတကွ သုံးဆောင်ကြသည်။

 

နေ့လယ်စာ သုံးဆောင်နေစဉ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

 

နေ့လယ်စာ သုံးဆောင်အပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ကာဇက်စတန်နိုင်ငံသမ္မတတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

 

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကာဇက်စတန်သမ္မတနိုင်ငံ သမ္မတနန်းတော်မှ ပြန်လည်ထွက်ခွာရာ ကာဇက်စတန် နိုင်ငံသမ္မတက မော်တော်ယာဉ်နားအရောက် လိုက်ပါပို့ဆောင်ခဲ့ပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်