နေပြည်တော် ဇန်နဝါရီ ၉

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ မူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကို အခြေခံပြီး သံတမန် ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူး‌ပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ် ထူထောင်ကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ်သမ္မတနိုင်ငံတို့အကြား သံတမန် အဆက်အသွယ် ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီ တာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်မိုးနှင့် မလေးရှားနိုင်ငံဆိုင်ရာ ဆိုမာလီယာ သံအမတ်ကြီး Mr. Ali Mohamed Abukar တို့က ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ကွာလာလမ်ပူမြို့ မြန်မာသံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ဆိုမာလီယာဖက်ဒရယ် သမ္မတနိုင်ငံသည် မြန်မာနိုင်ငံ၏ (၁၂၇) နိုင်ငံမြောက် သံတမန်အဆက်အသွယ်ထူထောင်သည့် နိုင်ငံဖြစ်သည်။

သတင်းစဉ်