နေပြည်တော် အောက်တိုဘာ ၂
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ ဘူတာကြီးသို့ ရောက်ရှိကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက မန္တလေး-လားရှိုး ရထားလမ်းပိုင်းရှိ ပြင်ဦးလွင် - နောင်ချို-ဂုတ်ထိပ်-ကျောက်မဲ ရထားလမ်းပိုင်းအား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းထောင်ဖောက်ခွဲခဲ့မှု ကြောင့် ပျက်စီးခဲ့သည့် ဂုတ်ထိပ်-နောင်ပိန်ကြား ဂုတ်ထိပ်တံတား တိုင်အမှတ်(၁၆)နှင့် ကမ်းကပ်ခုံ အမှတ်(၂) အကြား ထိခိုက်ပျက်စီးမှုအား ရှေးမူလပုံစံပါအတိုင်း သံပေါင်အသစ် အစားထိုး ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု၊ ပျက်စီးခဲ့သည့် သံပေါင်အဟောင်းအား ဖယ်ရှားရှင်းလင်း၍ ယာယီအဖြစ် Way Beam သံပေါင်များ ထည့်သွင်းပြီး သံလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ပျက်စီးခဲ့သည့် သံပေါင်နှင့် ပုံစံတူသံပေါင်သစ်အား ပြန်လည် ထုတ်လုပ်လျက်ရှိမှု၊ လမ်းပိုင်း တစ်လျှောက် တောချုံခုတ်ခြင်းနှင့် လမ်းပိုင်းများ ပြုပြင်ခြင်း၊ ထုံးဖို-ပြင်ဦးလွင် - နောင်ချို - ဂုတ်ထိပ်-ကျောက်မဲရထားလမ်းပိုင်း ပြုပြင် ထိန်းသိမ်း ဆောင်ရွက်ခြင်းနှင့် ရထားလမ်းတစ်လျှောက် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများရှင်းလင်းခဲ့မှု အခြေအနေများ၊ ရထားသံလမ်း အစိတ်အပိုင်းများနှင့် ဆက်စပ်ပစ္စည်းများအား သောင်းကျန်းသူများက ဖျက်ဆီး ခဲ့မှုများ၊ သံလမ်းဆက်ပြား ၃၈၃၂ ပြား၊ မူလီ ၁၇၁၈၈ လုံး၊ သံလမ်း ထိန်းကလစ် ၁၆၃၁၁၅ ချောင်းတို့ အား အကြမ်းဖက်သောင်းကျန်း သူများက ခိုးယူသွားမှုနှင့် အချိန်မီ အစားထိုး တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ရထားလမ်းပြန်လည် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက် ရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
လူစီးရထားများ ထပ်မံတိုးချဲ့ ပြေးဆွဲသွားရန်လိုအပ်
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အကြမ်းဖက် သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဂုတ်ထိပ်တံတား ပြုပြင်ခြင်းလုပ်ငန်းများနှင့် တံတားလုံခြုံရေးအတွက် လိုအပ်သည်များကိုလည်း စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ ရထားလမ်းပိုင်းများအလိုက် ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာ တွင်လည်း မီးရထားများ လုံခြုံချောမွေ့စွာဖြင့် ပြေးဆွဲနိုင်ရေး စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်းအတွက် လိုအပ်သည့် ကျောက်များကိုလည်း သတ်မှတ်ချက် နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်လိုကြောင်း၊ ရထားလမ်း ပိုင်းတစ်လျှောက်ရှိ တံတားများ၏ ကြံ့ခိုင်ရေးကိုလည်း ပြန်လည် စစ်ဆေးပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ရထားလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် ရထားများ အဆင်ပြေ ချောမွေ့စွာဖြင့် ပြေးဆွဲဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွား ရန်လိုကြောင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ် - နောင်ပိန် ရထားလမ်း ပိုင်း၌ ပြည်တွင်း/ ပြည်ပခရီး သွားများကို ဆွဲဆောင်နိုင်သည့် ကျောက်မီးသွေးသုံး မီးရထား စက်ခေါင်းများ အသုံးပြု၍ ပြေးဆွဲ နိုင်ရေး ဆောင်ရွက်သွားရန်လို ကြောင်း၊ ယခုကျရောက်မည့် သီတင်းကျွတ်ကာလ အများ ပြည်သူ ရုံးပိတ်ရက်များတွင် ရန်ကုန်- နေပြည်တော်-မန္တလေး လူစီးရထားများ ထပ်မံတိုးချဲ့ ပြေးဆွဲသွားရန် လိုအပ်ကြောင်း နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဘူတာရုံအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့် ဈေးသစ် တည်ဆောက်ရေး စီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ နိုင်ငံတော်အကြီးအကဲ စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ အထပ်လိုက် ဆိုင်ခန်းများ ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ ယာဉ်ရပ်နားသည့်နေရာ များ ဆောင်ရွက်ထားရှိမှု၊ ရေဝင်ရေထွက် ကောင်းမွန်စေရေးနှင့် ရေဆိုးစွန့်ထုတ်မှုတို့အတွက် တွက်ချက်ဆောင်ရွက်ထားရှိမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ဆိုလာပြားများ တပ်ဆင်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပံ့ပိုးဆောင်ရွက်သွားမည့် အခြေအနေများ၊ စီမံကိန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ဆောက်လုပ်မှု စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌက ယခုအဆင့်မြင့် ဈေးသစ်တည်ဆောက်စေခြင်းသည် ပြင်ဦးလွင်မြို့၏ လူနေမှု ထူထပ်လာမှုများ၊ ခရီးသွားလာမှု များပြားလာမှုများနှင့် ကိုက်ညီသည့် အဆင့်မီဈေးတစ်ခုဖြစ်ပေါ် လာစေရန်နှင့် ဒေသထွက်နှင့် အခြေခံသုံးကုန် ပစ္စည်းများကို တစ်နေရာတည်းတွင် တစုတစည်းတည်း ရရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်စေခဲ့ခြင်း ဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု နှင့်ကိုက်ညီသည့် အဆင့်မြင့်ဈေး ဖြစ်ပေါ်လာစေရေး ကြပ်မတ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများအားလုံးပြီးစီးပါက ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေးအတွက် လည်းကြပ်မတ်ဆောင်ရွက်သွားရန်လိုပြီး သန့်ရှင်းမှုရှိစေရေးကို အလေးထား ဆောင်ရွက်သွားရန်နှင့် ရေ/ မီးစနစ်များ စနစ်တကျ ရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် သုမင်္ဂလာဈေး (ညံတော ဈေး) ခြောက်ထပ် အဆင့်မြင့် ဈေးသစ်တည်ဆောက်ရေး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


