နေပြည်တော် အောက်တိုဘာ ၃၁

 

ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ် ကိုင်း)၊ ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ A.G.T.I ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁၇) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလုပ်ခန့်အပ်လွှာပေးအပ်မည့် သက်ဆိုင်ရာဝန်ကြီး ဌာနများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူငယ်များအား နယ်စပ် ဒေသများ၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံ့ဝန်ထမ်းကောင်းများအဖြစ် ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့ကို တည်ထောင်ဖွင့်လှစ် ပြုစုပျိုးထောင်လေ့ကျင့်သင်ကြား ပေးလျက်ရှိ ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ကိုစတင်ဖွင့်လှစ် သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၅၆၀ ဦး၊ သိပ္ပံဘွဲ့ ၉၈၁ ဦး၊ B.Tech ၁၃၉ ဦး၊ A.G.T.I ဒီပလိုမာ ၇၆၅  ဦး စုစုပေါင်းတိုင်းရင်းသား လူငယ် ၂,၄၄၅ ဦးတို့ကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မဟာဝိဇ္ဇာဘွဲ့ ၁၁၁ ဦး၊ မဟာသိပ္ပံဘွဲ့ ၂၁၆ ဦး၊ ပါရဂူဘွဲ့ ၃၂ ဦး၊ B.Tech ၃၄၆ ဦး၊ B.E ၆၂၅ ဦး၊ M.E ၃၄ ဦး အသီးသီး အောင်မြင်မှုရရှိခဲ့သည့်အပြင် ဘာသာရပ်အလိုက် ဆက်လက်ကြိုးစားသင်ယူဆဲ ကျောင်းသား၊ ကျောင်းသူများရှိကြောင်း။

 

ပညာခေတ်ကြီးတွင် ကြီးပြင်းခဲ့ကြသူများ ဖြစ်သည့်အတွက် အသိပညာ၊ အတတ် ပညာများကို အဆင့်မြင့်မြင့် တတ်မြောက်အောင် ဆက်လက်ကြိုးစား လေ့လာသွားကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို လူငယ်များ၏အဓိကစွမ်းအားစုအဖြစ် ပါဝင်ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ လူငယ်များအနေဖြင့်  မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ် မှန်ကန်စေရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံစေရေးစသည့် လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ၌ ပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းအဖြစ်တာဝန် ထမ်းဆောင်ကြသည့်အခါ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအတိုင်း ကျင့်ဝတ်စည်းကမ်း တန်ဖိုးများကို သိရှိ လိုက်နာပြီး လုပ်ငန်းစွမ်းဆောင်ရည် အပြည့်ဖြင့် မြင့်မားသောစိတ်ဓာတ်၊ မှန်ကန်သော ခံယူချက်၊ မြင့်မြတ်သောအကျင့် စာရိတ္တကောင်းများကို လက်ကိုင်ပြု၍ အဂတိတရား ကင်းရှင်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ကြိုးစားထမ်းဆောင်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း တိုက်တွန်းမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ် ထူးချွန်ဆုရရှိသူ ၂ ဦးကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာ ထူးချွန်ဆုရရှိသူ ၁ ဦးကို လည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီးမှ ကိုယ်စားလှယ်များက အလုပ်တာဝန် ခန့်အပ်လွှာများ ပေးအပ်ကြသည်။       

 

မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနှင့်ပွဲကြည့်စင်၊ ဆောက်လုပ်ဆဲ ၄ ထပ် အင်ဂျင်နီယာအလုပ်ရုံ၊ အိပ်ဆောင်များ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများနှင့် သာယာလှပရေးဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)