ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Noriko Takagi ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ သဘာဝဘေးနှင့် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များအား လူသားချင်းစာနာမှုနှင့် အကာအ ကွယ်ပေးမှု လုပ်ငန်းတာဝန်များ၊ ပဋိပက္ခဖြစ်ပွား၍ နေရပ်စွန့်ခွာသူများရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြည်တွင်းနေရပ် စွန့်ခွာသူများအား UNHCR က အထောက်အပံ့ပေးမှုများ၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေမှုများ၊ UNHCR က မိုခါ မုန်တိုင်းသင့် ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်မည့် ဆိုလာမီးအိမ်များအား ရန်ကုန်မြို့တွင် လက်ခံ၍ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ရန် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA)နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံခြားသား ဝန်ထမ်းများ၏  ပြည်တွင်း ခရီးသွားလာခွင့်ရရှိလိုသည့် ကိစ္စများနှင့် ပြည်ဝင်ဗီဇာရရှိလိုသည့် ကိစ္စများကို ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (DMC)၌ ကျင်းပသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသများအတွက် ယူနန်ပြည်နယ် Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC)က ပြန်လည်ထူထောင်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက် သည်။

 

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ       ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office  ညွှန်ကြားရေးမှူး Mr. Gao Wei တို့က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးယာယီတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် Yunnan Commercial Representative Office ညွှန်ကြားရေးမှူးတို့ကို ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ယခုလှူဒါန်းမှုမှာ ယူနန်ပြည်နယ် Yunnan Provincial People’s Association for Friendship with Foreign Countries (YNPAFFC)က မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက်  ယွမ်(၁၀၀,၀၀၀) တန်ဖိုးရှိ ပြန်လည်ထူထောင်ရေးပစ္စည်း များဖြစ်ကြောင်းနှင့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးအတွက် ပြည်တွင်း/ ပြည်ပ စေတနာရှင်များနှင့်  နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ လှူဒါန်းထောက်ပံ့မှုများကို တပ်မတော်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေယာဉ်၊ လေယာဉ်များဖြင့်စစ်တွေမြို့သို့ အမြန်ဆုံးပို့ဆောင်ပေးပြီး စစ်တွေမြို့မှတစ်ဆင့် ဘေးသင့်ဒေသမြို့နယ်များအထိ ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)