ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှု စစ်ဆေးပြီး ကံ့ကော်ပရိယတ္တိစာသင်တိုက်သို့ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်၊ ဧပြီ ၁၉

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးက စက်ရုံသမိုင်းအကျဉ်းနှင့် အချက်အလက်များ၊ စက်ရုံစီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့မှု၊ ကုန်ကြမ်းများရရှိနိုင်မှု၊ သံစိမ်းထုတ်လုပ်သည့် နည်းစဉ်၊ သံသတ္တုရိုင်းများကို သတ်မှတ်အရွယ်အစားအတိုင်း ရရှိရေးအတွက် ကြိတ်ခွဲမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရရှိထားသည့် ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများကို သတ်မှတ်အချိန်အတွင်း ပြီးစီးရေးအတွက် စီမံချက်များ၊ အချိန်ဇယားများ ရေးဆွဲဆောင်ရွက်ရန်၊ ရရှိထားသည့် ဘဏ္ဍာ ရန်ပုံငွေများကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရန်၊ သံသတ္တုရိုင်းများ တူးဖော်ရာတွင် မိုင်းဒီဇိုင်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊ စက်ရုံအတွက် လိုအပ်သည့် ပညာရှင်များ မွေးထုတ်လေ့ကျင့်သင်ကြား‌ပေးရန်၊ ဝန်ထမ်းများအနေဖြင့် နှစ်သစ်တွင် စိတ်သစ်၊ လူသစ်ဖြင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က စက်ရုံစီမံကိန်း လုပ်ငန်းများ ပြီးစီး၍ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရေးအတွက် အစွမ်းကုန်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်ချက်များရှိပါက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် သံသတ္တုရိုင်းများကို သတ်မှတ်အရွယ်အစားရရှိရေးအတွက် စက်များတပ်ဆင်ပြီးစီးမှု၊ ဟီမတိုက်နှင့် လီမွန်နိုက် သံသတ္တုရိုင်းများ တူးဖော်မည့် မိုင်းဧရိယာ၊ ပထမအဆင့် ကြိတ်ခွဲအလုပ်ရုံ၊ ဒုတိယအဆင့် ကြိတ်ခွဲအလုပ်ရုံ၊ MSMEများအတွက် အသေးစားသံရည်ကျို မီးဖိုစမ်းသပ်တည်ဆောက်ထားရှိမှု အခြေအနေနှင့် စွန့်ပစ်အနည်အနှစ်ကန်နှင့် စက်ရုံအတွက် လိုအပ်သောရေများ ရယူမည့် နမ့်တစ်ဖက်ချောင်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကံ့ကော်ပရိယတ္တိ စာသင်တိုက်သို့ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၁၇ ရက် ညနေပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀)နှင့် ရုံးအမှတ် (၄၁) တို့၌ ကျင်းပသည့် စက်မှုဝန်ကြီးဌာန၏ မြန်မာနှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်း အခမ်းအနားကို တက်ရောက်ကြည်ညိုသည်။

အခမ်းအနားတွင် မစိုးရိမ်တိုက်သစ်ကျောင်း ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျယ်တော်မူသည့် ပရိတ်တရားတော်များနှင့် ကမ္မဝါစာများကို နာယူ ကြည်ညိုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများသည် ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်