နေပြည်တော် ၈ ဧပြီ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ကနေဒါနိုင်ငံ၊ အိုတာဝါမြို့တွင် မတ်လ (၂၇)ရက်မှ (၂၉)ရက်အထိကျင်းပခဲ့သော GAVI (The Global Alliance for Vaccines and Immunizations) ဘုတ်အဖွဲ့ဝင်များအစည်းအဝေးသို့ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးကို ကိုယ်စားပြုသည့် တစ်ဦးတည်းသောအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် ဆက်စပ်သော ကျန်းမာရေးစနစ် မြှင့်တင်ခြင်းနှင့်ပတ်သက်၍ Gavi၏ ပံ့ပိုးမှုများပိုမိုစနစ်ကျ ကောင်းမွန်လာစေရန် ဆောင်ရွက်သင့်သည့်အချက်များနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ဝယ်ယူဖြန့်ဖြူးရေးနှင့် အလေအလွင့်နည်းပါးအောင် သုံးစွဲရေးတို့၏ အရေးပါမှုများကို လည်းကောင်း၊ ပြီးခဲ့သော (၅)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် အချက်များနှင့်စပ်လျဉ်း၍ သင်ခန်းစာယူ၍ ပြုပြင်ဆောင်ရွက်သင့်သည့် အချက်များကိုလည်းကောင်း၊
Gavi 5.0 (၂၀၂၁ခုနှစ် - ၂၀၂၅ ခုနှစ်) ဖြင့် လာမည့် (၅)နှစ်တာကာလတွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် Gaviမှ ဆောင်ရွက်သင့်သည့်အချက်များ၊ နည်းလမ်းအသစ်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကိုလည်းကောင်း၊
နိုင်ငံအသီးသီးတွင် ကာကွယ်ဆေးဖြင့် ကာကွယ်၍ ရသောရောဂါများပြန်လည်မြင့်တက် နေခြင်း နှင့်စပ်လျဉ်း၍ Gaviမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်နိုင်ငံရှိကူးစက်ရောဂါ နှိမ်နှင်းရေး ဗဟိုဌာနတို့နှင့် ညှိနှိုင်းလေ့လာပြီး နည်းပညာများကို စနစ်တကျ အသုံးချသင့်ကြောင်း နှင့် နံပါတ် (၂)ဦးစားပေးအဆင့်နေရာအဖြစ် ရင်းနှီးမြှုပ်နှံရန် စဉ်းစားသင့် ကြောင်းကို လည်းကောင်းဆွေးနွေးအကြံပြုခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ကနေဒါနိုင်ငံ၊ အိုတာဝါမြို့တွင်ရောက်ရှိနေစဉ်အတွင်း PHAROSGlobalHealthAdvisors မှတာဝန်ရှိသူများက မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ အဏုအာဟာရဆေးပြားများ ပံ့ပိုးပေးမည့်ကိစ္စရပ်များ လာရောက် တွေ့ဆုံဆွေးနွေးမှုကိုလည်းကောင်း၊ ညနေပိုင်းတွင်က နေဒါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Global Affairs Canada မှ မြန်မာနိုင်ငံကျန်းမာရေးစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့် မျိုးဆက်ပွား ကျန်းမာရေး လုပ်ငန်းများနှင့်ပတ်သက်၍ကူညီထောက်ပံ့ပေးနိုင်ရန် လာရောက်ဆွေးနွေးမှုကို လည်းကောင်း လက်ခံတွေ့ဆုံသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ဧပြီ (၁)ရက်မှ (၅)ရက်အထိကျင်းပခဲ့သော (၅၂)ကြိမ်မြောက် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးသည် လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လူဦးရေနှင့် ဆက်နွယ်သည့် ကျန်းမာရေးပြဿနာများစွာ ရှိပါကြောင်း၊ မိမိအနေဖြင့် အခိုင်အမာ ပြောကြားလိုသည်မှာစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် များပြည့်မီရေးအတွက် ICPD program ပါလုပ်ငန်းများအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာလူမှုအသိုက်အဝန်း၏ အကူအညီများလိုအပ်ပါကြောင်း။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများရေးဆွဲရာတွင် ပိုမိုထိရောက်မှန်ကန်ရှိစေရန် ပြီးပြည့်စုံသည့် လူဦးရေဆိုင်ရာစာရင်းဇယားများလိုအပ်ပါကြောင်း ၊မြန်မာနိုင်ငံအနေဖြင် ့(၂၀၁၄)ခုနှစ်အတွင်းလွန်ခဲ့သည့်နှစ် (၃၀)အတွင်းပြီးပြည့်စုံသည့် သန်းကောင်စာရင်း ကောက်ယူနိုင်ခဲ့ပါကြောင်း၊သန်းခေါင်စာရင်းမှ ရရှိလာသည့် သတင်းအချက်အလက် ကိန်းဂဏန်းများကိုအခြေခံ ၍လည်းတိုင်းပြည်၏မူဝါဒများ၊ နည်းဗျူဟာများနှင့် စီမံချက်များ ကိုရေးဆွဲနိုင်ခဲ့ပါ ကြောင်း၊ ဥပမာအားဖြင့် Myanmar sustainable development plan for the year (2018-2030)ကိုရေးဆွဲနိုင်ခဲ့ပါကြောင်း။
မိမိတို့အနေဖြင့် လူဦးရေနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များကိုပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အချင်းချင်းရိုင်းပင်း ကူညီဆောင်ရွက်စေလိုပါကြောင်းနှင့် သို့မှသာ လူဦးရေနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများ ပိုမိုပြီးပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ပြီး စဉ်တက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိအောင်မြင်မှာဖြစ်ကြောင်း။
လူဦးရေနှင့်ဖွံ့ဖြိုးမှုလုပ်ငန်း ဆောင်ရွက်ရာတွင် ကျန်းမာရေးကဏ္ဍအနေဖြင့် မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများ၊ ကူးစက်တတ်သောရောဂါများကာကွယ်ကုသရေးလုပ်ငန်းများအပြင် ယနေ့ကမ္ဘာပေါ်၌ အဖြစ်များလာသည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာရောဂါတို့ကဲ့သို့ သောမကူးစက်တတ်သောရောဂါများ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကိုလည်း အလေးပေးဆောင်ရွက်ရန် လိုအပ်ပါကြောင်းဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


