ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၁

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင်  နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမေက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိုင်းပြည်အနာဂတ်အတွက် ပညာရေးသည် အဓိကလိုအပ်ချက် ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များ ပညာရည်မြင့်မားရေး၊ အမျိုးသားစရိုက်လက္ခဏာများ ထိန်းသိမ်း ရေးနှင့် တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရေးအတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် နိုင်ငံ‌တော်က ဘက်စုံပညာရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခုလာမည့် မတ် ၁၁ ရက်တွင် တက္ကသိုလ်ဝင် စာမေးပွဲများ စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများအားလုံး ဝိုင်းဝန်းလက်တွဲ ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့နေထိုင်သော ဒေသတွင် ဖြေဆိုလိုသူများရှိပါက စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်ရန် အသိပေးထားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို အချိန်နှင့် တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက် ပေးကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြ ရန်နှင့် ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တပြေးညီ တင်ပြကြရန်လိုအပ်ကြောင်း၊  စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပါဝင် ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုံခြုံရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ထူးခြားဖြစ်စဉ်များကို မချွင်းမချန် အမြန်သတင်းပေးပို့ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးပြောကြား သည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ‌ဦးကျော်စွာသွင်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်တို့က တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြား၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)