ရန်ကုန် ၂၂ မတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ ည ၇ နာရီခွဲက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့ရှိ The One Entertainment Park သို့ ရောက်ရှိပြီး မတ် ၂၃ ရက်တွင် ကျင်းပမည့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ကြိုဆိုဧည့်ခံရေးနှင့် နေရာချထားမှု အခြေအနေများ၊ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပေးအပ်မည့် စင်မြင့်နှင့် အကြိုဇာတ် တိုက်လေ့ကျင့်မှုများ၊ သတင်းရယူမည့် သတင်းမီဒီယာများအတွက် စီစဉ်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းနှင့် တာဝန်ရှိသူများက ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို မတ် ၂၃ ရက် ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ ညနေ ၃ နာရီခွဲမှစ၍ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


