ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၊ ဗဟိုအလုပ် အမှုဆောင်များ၊ အထက်မြန်မာပြည် အလုပ်အမှုဆောင်များနှင့် အောက်မြန်မာပြည် အလုပ်အမှုဆောင် များနှင့် တွေ့ဆုံ

 

 

နေပြည်တော်      ဧပြီ      ၇

 

ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီတို့မှ ဥက္ကဋ္ဌများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အထက်မြန်မာ ပြည်အလုပ်အမှုဆောင်များ၊ အောက်မြန်မာပြည်အလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အားပေးဆောင်ရွက်နေသကဲ့သို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ ဥပဒေနှင့်အညီ စနစ်တကျတည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများကို နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှလည်း အားဖြည့်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်တွင်း၌ လက်လှမ်းမီရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးအာမခံစနစ်ပေါ်ပေါက်စေရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်နေဆဲကာလ၌ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများအနေဖြင့် နည်းမှန် လမ်းမှန်ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ပါကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍသည် နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေးစနစ်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေခြင်းဖြစ်သဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းရှင်များအနေဖြင့်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ တူညီသော ဦးတည်ချက်တစ်ခုဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများတွင် ကျောက်ကပ်အစားထိုး ကုသခြင်းလုပ်ငန်းများ၊ ကျောက်ကပ်သွေးသန့်စင်ခြင်းလုပ်ငန်းများ၊ ကင်ဆာ ဓာတ်ရောင်ခြည် ကုသမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ကြီးကြပ် အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ကင်ဆာဓာတ်ရောင်ခြည်ကုသမှု စောင့်ဆိုင်းလူနာ လျော့နည်း စေရေးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊  ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့အနေဖြင့် ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းလိုင်စင်ခွင့်ပြုရန်အတွက် စိစစ်ရာတွင် အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှု၊ လူနာများဘေးကင်းလုံခြုံမှု၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှု၊ အခြားဘေးအန္တရာယ် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီစဉ်ထားရှိမှု၊ ဝန်ထမ်းရေးရာကိစ္စရပ်များကို ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ/ နည်းဥပဒေများနှင့်အညီ ပြည့်စုံစွာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ တို့ကို အထူးအလေးထား စိစစ်လျက်ရှိပြီး သတ်မှတ်ချက်နှင့်ကိုက်ညီပါက အချိန်နှင့်တစ်ပြေးညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူများအနေဖြင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၊ ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်နှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံများအသင်းအဖွဲ့ဝင်များက ပြည်ပနိုင်ငံများသို့ ပေးပို့စစ်ဆေးနေရသည့် ရောဂါရှာဖွေ စစ်ဆေးမှုများနှင့် သွားရောက်ဆေးကုသမှုများ လျော့ချနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ဆေးကုသမှု လိုင်စင်ကိစ္စရပ်များနှင့် ဆေးရုံလိုင်စင်လျှောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ၊ ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါးများပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပုဂ္ဂလိကကျန်းမာရေး လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ရာ မေးမြန်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာညွှန်ကြား ရေးမှူးချုပ်များနှင့် ကောင်စီဥက္ကဋ္ဌများက ပြန်လည်ဆွေးနွေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးတို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ဆေးရုံလုပ်ငန်း ဆောင်ရွက်မှုများ အဆင်ပြေချောမွေ့ စေရန် လုပ်ငန်းလမ်းညွှန်ချက်များ မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)