နေပြည်တော် ၂ ဧပြီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကနေဒါနိုင်ငံ၊ Canada Trade Link ကုမ္ပဏီမှ ဥက္ကဋ္ဌ Hon. Bryon Wilfert (တိုရမ်တိုမြို့အခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်) နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနှင့် ကနေဒါ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ နှစ်နိုင်ငံပြည်သူအချင်းချင်း၊ အစိုးရ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်သွယ်ဆက်ဆံရေး၊ ကုန်သွယ်မှုဖြေလျှော့ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးခြင်းဖြင့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး၊ ကနေဒါနိုင်ငံမှ ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံ၏ အလားအလာရှိသော လယ်ယာကဏ္ဍ၊ အထည်ချုပ်ကဏ္ဍ၊ Logistics ဆိုင်ရာကဏ္ဍ စသည်တို့တွင် လာရောက်ရင်းနှီးမြှုပ်နှံရေး၊ Canada – Myanmar Chamber of Commerce ဖွဲ့စည်းနိုင်ရေးနှင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးမြှင့်တင်ခြင်းဖြင့် ထုတ်ကုန်အမယ်များစွာ ထုတ်လုပ်၍ ပိုမိုကျယ်ပြန့်သော ဈေးကွက်များသို့ တင်ပို့သွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


