ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Vietnam Expo in Myanmar 2018 သို့ တက်ရောက်၊ ဗီယက်နမ်နိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်သည် ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ယမန်နေ့က ဖွင့်လှစ်ခဲ့သော Vietnam Expo in Myanmar 2018 သို့ တက်ရောက်ခဲ့သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တပ်မတော်ခန်းမရှိ အထူးဧည့်သည့်တော် ခန်းမ၌ ဗီယက်နမ်နိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Do Thang Hai နှင့်တွေ့ဆုံကာ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Kuan Thuy Duong၊ ဗီယက်နမ်နိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ အာရှ-ပစိတ်ဖိတ် စျေးကွက် ဌာနမှ ညွှန်ကြားရေးမှူးချုပ် Ms. Le Hoang Oanh၊ ဗီယက်နမ်စီးပွားရေးသံမှူး Ms. Vo Thi Ngoc Diep၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေး ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဦးဟန် တို့ တက်ရောက်ခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗီယက်နမ်နိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဌာန ဒုတိယဝန်ကြီးနှင့်အတူ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိ သည်။

 

(သတင်းစဉ်)