နေပြည်တော် ၉ ဖေဖော်ဝါရီ 


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊  ရမ်းဗြဲနှင့် မအီမြို့များအတွင်းရှိ မိခင်များ၊ ကလေးများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့မှုပေးအပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။


ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ကျင်းပသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး ကျောက်ဖြူ ဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေကျပ် ၁၁၃၄၀ဝ၀၊ စေတီတောင် ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေကျပ် ၉၇၅၃၀ဝ၀၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအတွက် တစ်ကျောင်းလျှင် ထောက်ပံ့ငွေကျပ် ၇၀ဝ၀ဝ၀ စီဖြင့် စုစုပေါင်းငွေကျပ် ၇၇၀ဝ၀ဝ၀၊ မာန်အောင်မြို့နယ် သာရေးနာရေးအသင်း၊ လေးဝတီကုလ ရက္ခိတအသင်း၊ ခုနှစ်စဉ်ကြယ်နာရေးကူညီမှုအသင်း၊ ရက္ခိတရင်ခွင်သာရေးနာရေး ကူညီမှုအသင်း၊ မရဇိုင်းကျွန်း၊ အမှတ်(၈)တိုက်နယ်၊ ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုအသင်း၊ ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ ရက္ခသန္တာမြီ ပရဟိတလူမှုကူညီရေးအသင်း၊ ပါရမီရှင်ပရဟိတ ဖောင်ဒေးရှင်းလူမှုကူညီရေးအသင်း၊ အနာဂတ်အလင်းရောင် လူမှုကူညီရေးအသင်း၊ ဘနုအောင်ကျန်းမာရေး လူမှုကူညီရေးအသင်း၊ ဝန်ထမ်းပေါင်းစုံ ပင်စင်စားများအသင်း၊ မေတ္တာမွန်ပညာဒါနပရဟိတအသင်း၊ ကျောက်ဖြူသွေးလှူရှင်များအသင်း၊ သန္တာမြေဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ပုညကာရီအသင်း၊ ဖြောင့်မတ်သူ လူမှုဖွံ့ဖြိုးရေးအသင်း၊ တောင်သူလယ်သမား လူမှုဖွံ့ဖြိုးရေးအသင်း၊ တော်ဝင်သဇင်သာရေး နာရေးအသင်းတို့အတွက် (၁)သင်းလျှင် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀ စီ၊ မိခင်ဝိုင်း(၃) ဝိုင်းဖွင့်လှစ်ရန်အတွက် ထောက်ပံ့ငွေကျပ် ၁၈၁၈၁၀ဝ တို့ကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ကလေးငယ်များ ငယ်ရွယ်စဉ်ကပင် အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် သရုပ်ပြလေ့ကျင့်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျောက်ဖြူမြို့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးသို့ရောက်ရှိပြီး ဘေးဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ အသင့်သိုလှောင်ထားရှိမှု အခြေအနေကို ကြည့်ရှုခဲ့သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရမ်းဗြဲမြို့သို့ ရောက်ရှိကြပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသော ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားတွင်  ရမ်းဗြဲမြို့နယ်အတွင်းရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအတွက် ထောက်ပံ့ငွေကျပ် ၇၀ဝ၀ဝ၀၊ ရမ်းဗြဲမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အတွက် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀၊ ရမ္မာဝတီ အခမဲ့နာရေးကူညီမှု အသင်းအတွက် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀၊ ကျောက်တွေ လူမှုကူညီရေးအသင်းအတွက် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀ နှင့် မိခင်ဝိုင်း (၅)ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၃၂၁၈၁၀ဝ တို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များ၊ မိခင်ဝိုင်းခေါင်းဆောင်များနှင့်အတူ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကာ မြို့မိမြို့ ဖတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မအီမြို့သို့ရောက်ရှိပြီး မအီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မအီမြို့အမှတ်(၂)ရပ်ကွက် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့်  မေ့ဘေဘီ ကိုယ့်အားကိုယ်ကိုးမူလတန်း ကြိုကျောင်းများအတွက် တစ်ကျောင်းလျှင်ထောက်ပံ့ငွေ ကျပ် ၇၀ဝ၀ဝ၀၊ သဟာရက လူမှုရေးအသင်း၊ မေတ္တာရှင်လူမှုရေးအသင်းတို့အတွက် ထောက်ပံ့ငွေကျပ် ၆၀ဝ၀ဝ၀ နှင့် မိခင်ဝိုင်း(၅) ဝိုင်းအတွက် ထောက်ပံ့ငွေကျပ် ၃၂၁၈၁၀ဝ တို့ကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက်  မိခင်ဝိုင်းခေါင်းဆောင်များနှင့် ကလေးသူငယ်များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကြသည်။
    

အဆိုပါထောက်ပံ့မှု ပေးအပ်ပွဲအခမ်းအနားများတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း ပြည်သူတစ်ဦးချင်းစီ၏ ရပ်တည်မှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကိုယ်ဝန်ဆောင်ချိန်မှစ၍ ကလေးငယ်များ၊ အမျိုးသမီးငယ်များ၊ အမျိုးသမီးများ၊ လူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများအတွက် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အညွှန်းကိန်းများအရ ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးမှုနောက်ကျနေသည့်အတွက် လူမှုဖွံ့ဖြိုးရေးဦးစားပေး ကဏ္ဍအနေဖြင့် ကိုယ်ဝန်ဆောင်နှင့် ၎င်းမှမွေးဖွားသော ကလေး အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့သည့် အစီအစဉ်နှင့်အတူ တစ်ကိုယ်ရည် သန့်ရှင်းရေးပညာပေး၊ အာဟာရ ပညာပေးနှင့် မိသားစုစီမံကိန်းပညာပေးသည့် အစီအစဉ်များဖြင့် ပြည်နယ်တစ်ခုလုံးကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် စောင့်ရှောက်ရေးနည်း လမ်းများဖြင့်လည်း မိခင်ဝိုင်းများဖွင့်လှစ်၍ ၎င်းကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများ ရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းများအတွက် ရခိုင်ပြည်နယ် တစ်ခုလုံးအတွက် ကနဦးထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း၊ မသန်စွမ်း အဆင့်သတ်မှတ်ပြီး စွမ်းနိုင်သည့်အဆင့်အလိုက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် မဟာဗျူဟာ ရေးဆွဲထားပြီး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လူမှုရေးပင်စင်များအတွက်လည်း ရခိုင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထောက်ပံ့ပေး လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများအနေဖြင့် ဘက်စုံသုံး ဘေးဒဏ်ခံအဆောက်အဦ (၂၆)လုံးကို ရခိုင်ပြည်နယ်တွင် တည်ဆောက်ပေးထားပြီဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပွားသော တိုက်ပွဲရှောင် ပြည်သူများအတွက်လည်း ရရှိသောစာရင်းများအရ ထောက်ပံ့မှုများ အပြည့်အဝ ပေးလျက်ရှိပြီး လိုအပ်ချက်အရ ပြည့်စုံအောင် ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင် ဒေသခံပြည်သူများနှင့် ပတ်သက်၍ အလေးအနက် အာရုံထားပြီး ဆောင်ရွက်လျက်ရှိရာ လိုအပ်ချက်များရှိပါက အချိန်မဆိုင်းဘဲ ဝန်ကြီးဌာန၏ (၂၄)နာရီ အရေးပေါ်ဖုန်းနံပါတ်များဖြစ်သော ဝ၆၇ ၃၄၀၄၆၆၆၊ ဝ၆၇ ၃၄၀၄၇၇၇ များကို ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း ပြောကြားသည်။
    

ထို့နောက် မအီမြို့၊ ရတနာ့မာန်အောင် တောရကျောင်းတိုက်သို့ သွားရောက်၍ ကျောင်းတိုက်ရှိ ဘုန်းတော်ကြီးများအား ဖူးမျှော်ကာ သင်္ကန်းနှင့် အလှူငွေများ လှူဒါန်းကြပြီး လောကမဉ္ဇူစေတီတော်မြတ်အား သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ကြသည်။ ယနေ့ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့နှင့် မအီမြို့များအတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများနှင့် မိခင်ဝိုင်းများအတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၃၅၈၄၁၃၀ဝ ဖြစ်ကြောင်း သိရသည်။


(သတင်းစဉ်)