ကျောက်ဖြူ ၉ ဖေဖော်ဝါရီ
ရခိုင်ပြည်နယ်ဒေသအတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်(၉)နာရီ ခွဲအချိန်က၊ ကျောက်ဖြူ မြို့၊ ရမ္မာဝတီခန်းမ၌ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မိခင်ဝိုင်းများအား ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို ရခိုင်ပြည်နယ်ဒေသအတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျှက်ရှိ ကာ ပြည်နယ်ပြည်မ မခွဲခြားပဲ သဘောတူညီမျှရရှိရေးကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးကို ဦးတည်လျှောက်လှမ်းလျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုဘဝရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက် ရေး၊ ဘေးအန္တရာယ်များဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေးအနေဖြင့် အသက်(၉၀)ပြည့် ဘိုးဘွားများကို လူမှုရေးပင်စင်ထောက်ပံ့ လျက်ရှိ ကာ၊ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး၊ ယခုဆိုရင် အသက်(၈၅)နှစ်ပြည့်ပြီးသူများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွား လာသောကလေး အသက်နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်များဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီး ကလေးငယ်များကို ထောက်ပံ့ပေးရခြင်းသည် အနာဂတ်နိုင်ငံတော်အတွက် လင်းလက်လာမည့် ကြယ်ပွင့်လေးများအား မျှော်မှန်းကာ ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါကြောင်းပြောကြား ခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်မိခင်ဝိုင်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ကျောက်ဖြူဘိုးဘွားရိပ်သာ အတွက် ငွေကျပ်(၁၁၃၄၀ဝ၀)၊စေတီတောင်ပရဟိတဂေဟာအတွက် ငွေကျပ်(၉၇၅၃၀ဝ၀)၊မိခင်ဝိုင်းသုံး ဝိုင်းအတွက် ငွေကျပ်(၁၈၁၈၁၀ဝ)၊ ကိုယ်အားကိုယ့်ကိုး မူလတန်း ကြို (၁၁)ကျောင်းအတွက် ငွေကျပ် (၇၇၀ဝ၀ဝ၀)နှင့် လူမှုရေးအသင်းအဖွဲ့(၁၈)ဖွဲ့အတွက် ငွေကျပ်(၅၄၀ဝ၀ဝ၀) စုစုပေါင်းငွေကျပ် (၂၅၈၀၅၁၀ဝ) တို့ကို ပေးအပ်ခဲ့ပြီး၊ ကလေးသူငယ်များအား ကစားစရာနှင့် အာဟာရမုန့်များပေးဝေခဲ့ကြသည်။ အသင်းအဖွဲ့များ၊ ကလေးသူငယ်များနှင့် တာဝန်ရှိသူများ နှင့်အတူမှတ်တမ်းဓါတ်ပုံရိုက်ကြသည်။ ထို့နောက် မြို့မိ/မြို့ဖ ဦးအေးစံက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှုဦးစီဌာန ရုံးသို့သွားရောက်ကြည့်ရှုခဲ့ကြပြီး ရမ်းဗြဲမြို့သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)


