နေပြည်တော် ၂၆ မတ်

 


လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာအဆင့်စီမံချက် မူကြမ်းအတည်ပြု ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 


အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ ဖြစ်ပေါ်လာစေရန် ပဋိသန္ဓေ တည်ချိန်မှ အစပြု၍ သက်ကြီးရွယ်အိုအထိ ဘဝဖြစ်စဉ်တစ်လျှောက်လုံးတွင် လူတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ရသင့်ရထိုက်သော အခွင့်အရေးများကို အပြည့်အဝရရှိရန် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် ကောင်းမွန်သော အမွေများပေးနိုင်သည့်အတွက် လူငယ်ရေးရာမူဝါဒကို ပေါ်ပေါက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အပြောင်းအလဲများကို ဖော်ဆောင်ရာတွင် ရှေ့မှကြုံတွေ့ခဲ့ရသော အမှားများကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ကောင်းမွန်သော စီမံချက်များ ဖြစ်ပေါ်လာစေရန် လူငယ်များအပေါ် မူတည်နေပါကြောင်း၊ အတွေးအမြင်သစ်များဖြင့် နောက်မျိုးဆက်သစ်များကို ရှေ့ဆောင်လမ်းပြ ခေါ်ဆောင်သွားရမည်မှာ လူငယ်များ၏ တာဝန်ပင်ဖြစ်ပါကြောင်း။

 


ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် လူငယ်များအတွက် လိုအပ်ချက်များ ကွဲပြားခြားနားမှုများ ရှိနိုင်သည့်အတွက် ဒေသအလိုက် လုပ်ငန်းစဉ်များရေးဆွဲရာတွင် လူငယ်များအနေဖြင့် မိမိတို့ လိုအပ်ချက်များကို ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ကဏ္ဍ(၁၆)ချက်မှ လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော ဦးစားပေး အချက်အလက်များ ဖော်ထုတ်ပြီး ပူးပေါင်းပါဝင် ဆွေးနွေးပေးစေလိုပါကြောင်း၊ ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ် လျှောက်လှမ်းရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပန်းတိုင် မျှော်မှန်းချက်ရှိပြီးဖြစ်၍ တိုင်းရင်းသားလူငယ်များအပါအဝင် လူငယ်များအားလုံး သာတူညီမျှရရှိရန် မျှော်မှန်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ် အမြစ်တွယ်ရန် လူငယ်များက လက်ရှိကျရာတာဝန်ကို ထမ်းဆောင်၍ အနာဂတ်ကို မျှော်မှန်းကြည့်ခြင်းဖြင့် မျိ်ုးဆက်သစ်များအတွက် ရလဒ်ကောင်းများ ချန်ထားခဲ့နိုင်ရန် ကြိုးစားဆောင်ရွက်သင့်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ လူငယ်ရေးရာမူဝါဒပါ ကဏ္ဍ(၁၆)ချက်အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာစီမံချက်(မူကြမ်း)အပေါ် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ သဘောထားအကြံပြုချက်များကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးများ၊ လူငယ်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ ပူးပေါင်း၍ မဟာဗျူဟာစီမံချက်(မူကြမ်း) အတည်ပြုနိုင်ရေး ထည့်သွင်းလိုသည့် အချက်များအား ပြင်ဆင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ 

 


(သတင်းစဉ်)