နေပြည်တော် ၃၀ မတ်
စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းဖွင့်ပွဲနှင့် လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက နိုင်ငံတော်အစိုးရက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိရာတွင် စွမ်းရည်ပြည့်ဝသော လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ မူးယစ်ပြဿနာသည် လူသားအရင်းအမြစ် ဖြုန်းတီးမှု၏ အဓိကပြဿနာတစ်ရပ် ဖြစ်လာကြောင်း၊ မူးယစ်ပြန်လည် ထူထောင်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောက်ရွက်ရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရာတွင် အဓိကရည်ရွယ်ချက်မှာ မူးယစ်သံသရာမှ ပြတ်တောက်သွားရန်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို အလွယ်တကူ လက်လှမ်းမီမရရှိနိုင်ရန် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများကိုလည်း အစိုးရကထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ မူးယစ်သံသရာမှ လွတ်မြောက်အောင် မူးယစ်ဆေးပြတ်ပြီးသူများကို ဆက်လက်ကြီးကြပ် စောင့်ရှောက်ကာ ပြန်လည်မသုံးစွဲရန် ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရန် တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ ဆေးဖြတ်ပြီး ထိရောက်သော ပြန်လည်ထူထောင်ရေးကို ဦးတည်ဆောင်ရွက်နေရာ လက်ရှိမူးယစ်ဥပဒေအသစ်တွင်လည်း ပြန်လည်ပြင်ဆင်ရန် လိုအပ်မှုရှိသည်ကို ဆန်းစစ်လေ့လာမှုများအရ တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းများကလည်း အားလုံးပူးပေါင်း ဆောင်ရွက်လိုအပ်ကြောင်းနှင့် စေတနာ့ဝန်ထမ်း သင်တန်းသားများကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်နယ်အစိုးရအနေဖြင့် ကချင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးတို့ကို အစိုးရစတင်တာဝန်ယူချိန်မှစ၍ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မှ စတင်၍ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်မည်ဖြစ်ရာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးသည် အဓိကလုပ်ငန်းအဖြစ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမတွင် ကျင်းပသော ကချင်ပြည်နယ်အတွင်းရှိ လူငယ်များ၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသည့် လူငယ်များက ပြည်နယ်လူငယ်ရေးရာ ကော်မတီ၏ ဆောင်ရွက်မည့် ကိစ္စများအတွက် ဘတ်ဂျတ်ခွဲဝေချထားရေး၊ လူငယ်ရေးရာရုံး ဖွင့်လှစ်နိုင်ရေး၊ ခရိုင်အလိုက် လူငယ်စင်တာများ ပေါ်ပေါက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲအပြီးတွင် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကြကြောင်း သိရသည်။
(သတင်းစဉ်)


