နေပြည်တော်  ၈   ဧပြီ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Dato’ Saifuddin Abdullah နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ထိုသို့တွေ့ဆုံစဉ် မလေးရှားနိုင်ငံက အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအား ၂၀၁၈ခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ယခုနှစ်တွင် မြန်မာ နိုင်ငံကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအစည်းအဝေးများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပဆောင်ရွက်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုသဟဇာတမျှတရေးနှင့် လက်ရှိတိုက်ပွဲရှောင်များအား ထိရောက်သော ထောက်ပံ့မှုများ ပေးအပ်နိုင်ရေး ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံဘက်မှ ပြင်ဆင်ထားရှိမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် အာဆီယံနိုင်ငံများက ပူးပေါင်းပါဝင်မည့် အခြေအနေများနှင့် အာဆီယံအရေးပေါ် တုန့်ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ (ASEAN – ERAT) မှ ပထမအကြိမ် လိုအပ်ချက်များဆန်းစစ်လေ့လာခြင်းအား မကြာသေးမီက ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ မလေးရှားနိုင်ငံ အခြေစိုက် INGO အဖွဲ့အစည်း တစ်ခုဖြစ်သည့် Mercy Malaysia အဖွဲ့အစည်းနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)