နေပြည်တော် ၇ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူငယ်ပြုစုရေးဌာနသို့ ရောက်ရှိ၍ ဌာနကစောင့်ရှောက်ထားသော ကလေးငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ကလေးငယ်များအား အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးဝေခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထူးစောင့်ရှောက်ရန်လိုအပ်သော အမျိုးသမီးများအတွက် လုံခြုံစိတ်ချရသော ခေတ္တနားခိုရာနေရာသို့ သွားရောက်၍ အစောင့်အရှောက်ခံ အမျိုးသမီးများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပသော မော်လမြိုင်မြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများမှ မိဘများက မူကြိုကျောင်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသားဦးရေ တိုးချဲ့လက်ခံပေးရေး၊ မူကြိုဆရာမဦးရေ တိုးမြှင့်ခန့်ထားရေး၊ မိခင်ဝိုင်းနှင့် မူလတန်းကြိုကျောင်းများ ဆက်စပ်နေမှု၊ ပြည်သူလူထုက ပူပေါင်းဆောင်ရွက်မှုတို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွန်ကြားရေးမှူးချုပ်တို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပေါင်မြို့နယ် အလှပ်ကျေးရွာသို့ ရောက်ရှိပြီး မိဘပြည်သူများအား ရှေးဦးအရွယ်ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာ စစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (Early Childhood Intervention) နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတွင် ပြည်သူများနှင့်တွေ့ဆုံကာ Early Childhood Intervention ၏ အရေးကြီးမှုအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးချုပ်တို့က ပြန်လည်ညှိနှိုင်း ပြောကြားသည်။ ထို့နောက် ကျေးရွာတွင် ဖွင့်လှစ်ထားသော ရှေးဦးအရွယ် ကလေးသူငယ်များ ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည်ထူထောင်ရေး (ECI) စင်တာမှ အိမ်တိုင်ရာ ရောက်ဝန်ဆောင်မှုပေးနေသူများ၏ (၅)နှစ်အောက် ကလေးများ ဖွံ့ဖြိုးမှုဆန်းစစ်ခြင်း လက်တွေ့ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
ECI စင်တာတွင် ရှေးဦးအရွယ် ကလေးသူငယ်များ၏ ကိုယ်ကာယနှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍအလိုက် စိစစ်လေ့ကျင့်ပေးလျက်ရှိရာ၌ အခက်အခဲဖြေရှင်းနိုင်ခြင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်ခံစားမှုဆိုင်ရာ ဖွံ့ဖြိုးမှု၊ အပြန်အလှန်ဆက်သွယ်ခြင်းနှင့် ဘာသာစကားဖွံ့ဖြိုးမှု၊ လက်နှင့်လက်ချောင်းများ ဖွံ့ဖြိုးမှုများအတွက် အထောက်အကူပြုပစ္စည်းများ အသုံးပြု၍ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ဤဝန်ဆောင်မှုကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်တို့တွင် ရှေ့ပြေးဆောင်ရွက်လျက်ရှိပြီး ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


