မော်လမြိုင် ၇ ဧပြီ

 

မော်လမြိုင်မြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ ကျင်းပသော မွန်ပြည်နယ်အတွင်းရှိ လူငယ်ရေးရာကော်မတီဝင်များ၊ အဖွဲ့အစည်းနှင့် ပါတီအသီးသီးရှိ လူငယ်မျာနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီ ၆ ရက် ညနေပိုင်းက ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းတို့နှင့်အတူ တက်ရောက်သည်။

 

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများသည် လူသားတစ်ဦးချင်းစီ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးပါကြောင်း၊ ရှေးဦးအရွယ် ကလေးငယ်များမှစ၍ သက်ကြီးရွယ်အိုအထိ မူဝါဒများ၊ ဥပဒေများကို နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးရပါကြောင်း၊ ထို့ကြောင့် လူငယ်များ၏ကဏ္ဍကို ဆောင်ရွက်ရာ၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် လူငယ်ရေးရာမူဝါဒမရှိသေးသည့် နိုင်ငံပေါင်း(၃၀)ကျော်တွင် မြန်မာနိုင်ငံပါဝင်ခဲ့ပါကြောင်း၊ ယခုအခါ လူငယ်များက ရွေးချယ်ထားသော ကိုယ်စားပြုလူငယ်များသည် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ လူငယ်များ၏အသံများ၊ ဆန်းသစ်သော အတွေးအခေါ်များနှင့် လူကြီးများ၏ အမှားများကို သင်ခန်းစာယူ၍ လူငယ်များ၏ ခံစားချက်များ၊ လိုအပ်ချက်များကို ပြည့်စုံစွာထည့်သွင်းထားသည့် လူငယ်ရေးရာ မူဝါဒတစ်ခု ပေါ်ပေါက်လာပါကြောင်း၊ ကဏ္ဍ (၁၆)ရပ် ပါဝင်ပါကြောင်း၊ အဆိုပါမူဝါဒကို လူငယ်များ ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိလာနိုင်စေရန် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ လူငယ်ရေးရာ ကော်မတီများမှတစ်ဆင့် သိရှိအောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သက်ဆိုင်ရာအစိုးရဌာနများ၊ လူမှုအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ကြရမှာဖြစ်ကြောင်း၊ သို့ရာတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အခြေအနေများ မတူညီသည့်အတွက် အခက်အခဲများ၊ အဟန့်အတားများကိုလည်း ကျော်လွှားရဦးမည်ဖြစ်ပါကြောင်း၊ ဦးစားပေးဆောင်ရွက်ကြမည့် ကဏ္ဍများလည်း တူညီနိုင်မှာမဟုတ်ပါကြောင်း၊ ကဏ္ဍအသီးသီးအလိုက် အကောင်အထည်ဖော်ရန်အတွက် မဟာဗျူဟာစီမံချက်တစ်ရပ် ရေးဆွဲထားပြီးဖြစ်၍ လုပ်ငန်းစီမံကိန်းများ ပေါ်ပေါက်လာမှာဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသော စီမံကိန်းများကို အကောင်အထည်ဖော်ရန် ဘတ်ဂျက်ခွင့်ပြုငွေများရရှိအောင် ကြိုးပမ်းကြရမှာ ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ရန် မိမိတို့ဝန်ကြီးဌာနတစ်ခုထဲသာမက သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ ပါဝင်လာမှာဖြစ်သည့်အပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ကဏ္ဍ(၁၆)ရပ်ကို အကောင်အထည်ဖော်ခြင်းသည် လူငယ်များ၏ ရရှိသင့်သည့် အခွင့်အရေးများ ပေးခြင်းဖြစ်သည်ဟု သတ်မှတ်၍ရပါကြောင်း၊ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် လက်ဆင့်ကမ်းတာဝန် ယူကြမည့်သူများဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိနေသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် စတင်လျှောက်လှမ်းရာ၌ အခက်အခဲများ ကြုံတွေ့ရမှာဖြစ်ပြီး သည်းခံဇွဲရှိ၍ ညီညွှတ်မှုအင်အားဖြင့် မိမိတို့လက်ထက်တွင် အကောင်းဆုံးရလဒ်တစ်ခု ပေါ်ထွက်လာအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော မွန်ပြည်နယ် လူငယ်ရေးရာ ကော်မအဖွဲ့ဝင်များက ကော်မတီ၏ ဆောင်ရွက်ထားရှိမှုများ တင်ပြခြင်း၊ လူငယ်စင်တာမြေနေရာရရှိရေး ကိစ္စများ၊  အဖွဲ့အစည်း၊ ပါတီအသီးသီးက လူငယ်များက လူငယ်မူဝါဒကို ကျေးလက်နေပြည်သူများ သိရှိနိုင်ရေး၊ လူငယ်မူဝါဒ အကောင်အထည်ဖော်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်နွယ်ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုကိစ္စများ၊ လူငယ်နှင့် မသန်စွမ်း၊ လူငယ်နှင့် မူးယစ်ဆေးဝါး၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် တိုင်းရင်းသားအရေးကိစ္စများကို အသီးသီးမေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းပြောကြားသည်။

           

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မွန်ပြည်နယ် လူငယ်ရေးရာကော်မတီကို ထောက်ပံ့ငွေကျပ် ၅၃၃၃၀ဝ၀ ကို ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး တက်ရောက်လာကြသော လူငယ်ကိုယ်စားလှယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရရှိသည်။

 

(သတင်းစဉ်)