နေပြည်တော်  ၃၁  မတ် 

 

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး ချုပ်ဒေါက်တာခက်အောင်၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်လူမှုရေး ဝန်ကြီး၊ ပြည်နယ်သယံဇာတနှင့် သဘဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖားကန်မြို့သို့ရောက်ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ကျောက်မျက်ကုမ္ပဏီများ၏ ပျိုးဥယျာဉ်တွင် မန်ဂျန်ရှားပျိုးပင်များ စိုက်ပျိုးထားရှိမှုနှင့် ပိတ်သိမ်းပြီးသက်တမ်းကုန်လုပ်ကွက် မြေနေရာများတွင် မြေများ ပြန်ဖို့၍ မန်ဂျန်ရှားပြန်လည်စိုက်ပျိုးပြီး ဖြစ်ထွန်းအောင်မြင်မှုများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ရှိတူးဖော်ခွင့်ရ လုပ်ကွက်တွင် ဘေးအန္တရာယ်ကင်းရှင်းစွာ တူးဖော်နိုင်ရေးအတွက် လစ်လပ်၊ မက်လင်ချောင်း အကျိုးတူ (၂) လုပ်ကွက် အတွင်းခေါင်းပေါင်းမြေဖယ်ရှားနေခြင်းကို သွားရောက် ကြည့်ရှုခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဖားကန့်မြို့နယ်ရှိစုပေါင်းရုံးတွင် ကျင်းပသည့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။ 

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်သည် ငြိမ်းချမ်းမှုမရှိသဖြင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ကြောင်း၊ အထူးသဖြင့်ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးမှု အားနည်းခဲ့ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူများအပေါ် စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးကြစေလိုကြောင်း၊ မူးယစ်ဆေးပြဿနာကို ပြည်သူများနှင့် ပူပေါင်း၍ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ဖားကန့်ဒေသရွှေ့ပြောင်းလုပ်သားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်များ ဆောင်ရွက်ထားရှိမှုများ တင်ပြဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာသူများက ဝှေခါကျေးရွာတိုက်နယ် ဆေးရုံမြေရ ရှိရေးကြန့်ကြာနေမှု၊ခက်ကျန်ရွာတွင်အိမ် ၂၂ လုံး ပြိုကျနိုင်မှု၊ မြေအက်ကွဲကြောင်းများ ဖြစ်ပွားမှု၊ မြေပြိုကျနိုင်မှု၊ ဟောင်ပါးကျေးရွာ အုပ်ချုပ်ရေးမှူး ပြန်လည်ခန့်ထား ပေးနိုင်ရေး၊ ဒေသခံတိုင်းရင်းသားများအတွက် အလုပ်အကိုင်ရရှိရေး၊ မြေဂရမ်ရရှိရေးနှင့် အသေးစားချေးငွေရရှိရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ မြေဇာပြိုကျ၍ အိမ်များပြိုကျမှု အခြေအနေများကို ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရပ်ရွာအခြေပြုမူးယစ် ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေး၊စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးသင်တန်း နှင့်အိမ်တွင်းမှုလျှပ်စစ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာ၌ ဖားကန့်ဒေသတွင် မူးယစ်ဆေးဖြတ်သူများ ပြန်လည် ထူထောင်ရေးသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ သောရပ်ရွာအခြေပြုသင်တန်းများကို ဆက်လက် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတစ်ကြိမ်လျှင် သင်တန်းသား (၃၀)ဦးသာလက်ခံနိုင်ရာ စိတ်ပါဝင်စားသူများပြားသည်ဟု သိရှိရကြောင်း၊ ပြန်လည် ထူထောင်လိုသူများကို ရပ်ရွာ၊ ရပ်မိရပ်ဖများ၊ လူမှူအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်ကိုတွေ့ရ၍ ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ပြည်နယ် အစိုးရ၏ ပူးပေါင်းပါဝင်မှုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက်ဖားကန့်မြို့နယ် ဒေသခံသင်းအုပ်ဆရာက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းဆင်းသင်တန်းသားများကို ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်သယံဇာတနှင့် သစ်တောဝန်ကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးတို့ကသင်တန်းဆင်းလက်မှတ်များကို ပေးအပ်သည်။ ဆက်လက်၍သင်တန်းသားများက “အမွှေခံဆိုးရဲ့နောင်တ” သီချင်းဖြင့်သိဆိုဖျော်ဖြေခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ခဲ့ကြသည်။

 

ယမန်နေ့ညနေပိုင်းကလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမလိခခန်းမတွင် ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ကျင်းပပြု လုပ်ရာပြည်ထောင်စုဝန်ကြီးက ဖားကန်ဒေသရှိရွှေ့ပြောင်းလုပ်သားများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်လုပ်ငန်းအဖွဲ့ခွဲ(၆)ခုတို့ကိုဖွဲ့စည်းပေးခဲ့ကြောင်း၊ (၂၀၁၉)ခုနှစ်ဖေဖော်ဝါရီလမှစတင်၍ ဖားကန့်ဒေသတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး သင်တန်းကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပြီးရေရှည်တည်တံ့စေရန်အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

 

ထို့ကြောင့် ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးနှင့်အလုပ်အကိုင်ရှာဖွေပေးရေးလုပ်ငန်းအဖွဲ့ခွဲ၊ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲတို့၏ ဥက္ကဋ္ဌများ ဖြစ်ကြသောပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

 

ဖားကန့်ဒေသ ကျောက်စိမ်းရတနာမြေသည် နိုင်ငံတော်၏ ကျောက်မျက် သယံဇာတထွက်ရှိရာအဓိကနေရာဖြစ်ရာ ဒေသခံများအတွက်သာမက နိုင်ငံအနှံ့ အပြားမှ ရွှေ့ပြောင်းအလုပ်သမားအများစု အလုပ်အကိုင်အခွင့်အလမ်း ရရှိနေသော ဒေသဖြစ်ပါသည်။ ဤဒေသတွင် တရားဥပဒေစိုးမိုးရေးနှင့်အလုပ်သမားများ ဘေးကင်းလုံခြုံမှုရှိသောပတ်ဝန်းကျင်ဖော်ဆောင် ပေးနိုင်ရေး၊ ကျောက်မျက်နှင့် ဆက်စပ်သောအလုပ်အကိုင်များပိုမိုဖန်တီးပေးနိုင်ရေး၊ မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးနှင့်မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ပေးရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ပြန်လည်ဦးစားပေးဆောင်ရွက်နိုင်ရေး၊ ရွှေ့ပြောင်း လုပ်သားများ များပြားလာခြင်းကြောင့် ရပ်ရွာတိုးချဲ့ထူထောင်ရာတွင် ဥပဒေနှင့်အညီ မြေယာစီမံခန့်ခွဲမှု စနစ်တကျ ဆောင်ရွက်ရေးတို့ကို ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် လူမှုအဖွဲ့အစည်းများ၊ ပြည်သူများအားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)