နေပြည်တော် ၂၂ မတ်
လူငယ်ရေးရာမူဝါဒဆိုင်ရာနှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေရှိ လူငယ်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ လူငယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ လည်းကောင်း ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်မေးက လူငယ်ရေးရာမူဝါဒကို နိုင်ငံတော်အစိုးရသစ် လက်ထက်ရက်(၁၀ဝ) စီမံချက်တွင် ထည့်သွင်းဆောင်ရွက်ခဲ့ပြီး လူငယ်ထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများမှ လူငယ်များအပါအဝင် လူငယ်များအားလုံး သိရှိစေရန်လိုအပ်ကြောင်း၊ လူငယ်များ၏ အခွင့်အရေးမြှင့်တင်ပေးရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ပေးရန် အစိုးရတွင် တာဝန်ရှိသည့်အတွက် မိမိတို့အစိုးရလက်ထက်တွင် လူငယ်မူဝါဒ ပေါ်ပေါက်ရန် အားထုတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ထောင်ရန် ဦးတည်ဆောင်ရွက်သည့်အချိန်တွင် လူငယ်ရေးရာမူဝါဒကို အခြေခံကာ တစ်နိုင်ငံလုံးရှိ လူငယ်များအားလုံးသာ တူညီမျှခံစားရရှိနိုင်ရေး အရေးကြီးပါကြောင်း၊ လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရန် မဟာဗျူဟာစီမံချက်ရေးဆွဲနေပြီး လုပ်ငန်းစဉ်များချမှတ်ကာ ဆက်လက်အကောင်အထည်ဖော်ရန် ဖြစ်ကြောင်း၊ လူငယ်များရသင့် ရထိုက်သော အခွင့်အရေးများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ အပြည့်အဝရရှိစေရန် လူငယ်များအပါအဝင် မိသားစုဝင်များ၊ အစိုးရဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပါဝင်ဆောင် ရွက်ရန်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိလူငယ်များသာ တူညီမျှခံစာရရှိနိုင်ရေးအတွက် လူငယ်ရေးရာ မူဝါဒတွင်ပါဝင်သော ကဏ္ဍ (၁၆)ရပ်မှ ဦးစားပေး ဆောင်ရွက်သင့်သောလူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်နှင့်ငြိမ်းချမ်းရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့် အားကစားကဏ္ဍများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ လူငယ်များနှင့်ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းမှာ လူငယ်များကို ဦးစားပေးအလေးထားခြင်းဖြစ်၍ လူငယ်များအနေဖြင့်လည်း အနာဂတ် မျိုးဆက်သစ်များအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လူကြီးများ၏အမှားများကို လူငယ်များက သင်ခန်းစာယူပြီး အတွေးသစ်အမြင်သစ်များဖြင့် စိန်ခေါ်မှု အဟန့်အတား အခက်အခဲများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တို့သည် တာဝန်ရှိသူများနှင့် အတူစစ်တွေ့မြို့၊ မင်းဂံရပ်ကွက်တွင် လူငယ်စင်တာဖွင့်လှစ်မည့်နေရာနှင့် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနစုပေါင်းရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာရုံးခန်းများ ဖွင့်လှစ်နိုင်ရန် သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


