နေပြည်တော်  ၁  ဧပြီ 

 

နီပွန်ဖောင်ဒေးရှင်း၏ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်အဖွဲ့သည် မတ် (၂၉) ရက်နှင့် (၃၀) ရက်များတွင် Nippon Foundation ဥက္ကဋ္ဌ H.E. Mr.Yohei Sasakawa နှင့်တွေ့ဆုံ၍ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် Nippon Foundation တို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့တွင် ငြိမ်းချမ်းရေးအထောက်အကူပြု နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်တို့တွင် Education for Peace and Development စီမံကိန်းအရ စာသင်ကျောင်းအသစ်များ ဆောက်လုပ်ခြင်း၊ ဥပဓိရုပ်ကောင်းမွန်မှုမရှိသည့် စာသင်ကျောင်းများ ပြုပြင်ဆောက်လုပ်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ Bridge Asia Japan နှင့် ပူးပေါင်း၍ ဘားအံမြို့တွင် စက်မှုလက်မှု ပညာသင်တန်းကျောင်း ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ၊ အနာဂတ်ကာလတွင် ဆက်လက်ပူးပေါင်းစီမံ ဆောင်ရွက် သွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Nippon Foundation မှ တာဝန်ရှိသူများ လိုက်ပါ၍ ဧပြီ(၁)ရက်တွင် National Institute of Technology, Nagaoka College သို့ ရောက်ရှိလေ့လာပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းများကို အဆင့်မြှင့်တင်ရေး၊ သင်ထောက်ကူပစ္စည်းနှင့် နည်းပညာဆိုင်ရာကိစ္စရပ်များပံ့ပိုးကူညီရေး၊ အဆိုပါသင်တန်းကျောင်းများမှ သင်တန်းဆင်း လူငယ်များကို အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ပေးခြင်းဆိုင်ရာ ကိစ္စရပ်များကိုအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် International University of Japan (IUJ) သို့ ရောက်ရှိရာတွင် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး Nippon Foundation ၏ ထောက်ပံ့ကူညီမှုဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် IUJ တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဌာနအတွင်းရှိ အမှုထမ်း၊အရာထမ်းများ၏ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင် ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေများ၊ တိုးတက်ဖြစ်ထွန်းမှုများ၊ ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို  ဆွေးနွေးခဲ့ကြပြီး အဆိုပါ တက္ကသိုလ်တွင် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ ပညာတော်သင် တက်ရောက်သင်ကြားလျက်ရှိသည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။ 

 

(သတင်းစဉ်)

 

1