နေပြည်တော် စက်တင်ဘာ ၃၀
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိနှင့် ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ် များက ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာ တော်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အနုမောဒနာတရားနာကြား၍လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညို လမ်းဘေးရှိ အမှတ်(၃)မင်္ဂလာ ကန်တော်၌ ကျင်းပသည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာကန်တော်အတွင်းသို့ ငါးကောင်ရေ ၂၅၀၀ ကို ဇီဝိတဒါနအဖြစ် လွှတ်ပေးကြသည်။
ကျွေးမွေးလှူဒါန်း
ထို့အတူ (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ “ကရုဏာကမ္ဘာ”ဘိုးဘွားရိပ်သာသို့ ငွေပဒေသာပင် အလှူငွေကျပ် သိန်း ၅၀ လှူဒါန်းခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် ဘိုးဘွားရိပ်သာမှ အဘိုးအဘွား ၁၉၁ ဦးတို့ကို တစ်နေ့တာ အာဟာရဒါန ကျွေးမွေး လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


