နေပြည်တော် အောက်တိုဘာ ၂

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ  အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင်  မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ရှိ Synthetics မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းတည်ဆောက်ပြီးစီးမှုနှင့်  Syn-thetics မီတာ  ၄၀၀  ပြေးလမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊   G.10၊  G.11၊ G.12 ကျောင်းသား ကျောင်းသူများ အောက်တိုဘာ နှစ်ဝက်ဆုံးစာမေးပွဲ Chemistry ဘာသာရပ်ဖြေဆိုနေမှုကိုကြည့်ရှု၍ စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား ကျောင်းသူများအား အားပေးစကားပြောကြား သည်။

ယင်းနောက်   ပြည်ထောင်စုဝန်ကြီးသည်  အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)ရှိ သင်တန်းသား   သင်တန်းသူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည့် ဆေးပေးခန်းများနှင့်   သင်တန်းသား သင်တန်းသူများ နေ့လယ်စာ စားသောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ယာယီနေရပ်စွန့်ခွာသည့် ဝန်ထမ်းများ၊ ပြည်သူများနှင့်တွေ့ဆုံ၍    အားကစားပစ္စည်းများနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ Hotel Hazel အစည်းအဝေးခန်းမ၌ ကျင်းပသည့်  မြန်မာနိုင်ငံအထက်ပိုင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသောလုပ်ငန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့  တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးစဉ်ဒေသများအလိုက်  ခရီးသွားဆွဲဆောင်ရာ နေရာများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းခြင်း၊ ခရီးစဉ်နေရာအသစ်  ဖော်ထုတ်ခြင်းများ ဆောင်ရွက်ပြီး   ခရီးစဉ်အသစ်များ ရေးဆွဲဆောင်ရွက်သွားရန်နှင့် ခရီးစဉ်ဒေသအချင်းချင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ချိတ်ဆက်ကာ ခရီးစဉ်လမ်းကြောင်းအသစ်များ ဖော်ထုတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊  ထို့ပြင် မိမိတို့ဒေသရှိ ခရီးစဉ်ဆွဲဆောင်ရာ နေရာများနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို  ခရီးသွားများသိရှိစေရေး ဆောင်ရွက်ရန်နှင့် ဝန်ဆောင်‌မှုကောင်းများ ပေးနိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက မြန်မာနိုင်ငံအထက်ပိုင်း ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးနှင့်စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

သတင်းစဉ်