နေပြည်တော်  စက်တင်ဘာ  ၂၉

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  Jeng Phang နော်တောင်သည် တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ နှစ်(၇၀၀)ပြည့် အားကစားကွင်းနှင့်   ပိုးတန်းအားကစားကွင်းရှိ  အားကစားကွင်း/အားကစားရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဦးစွာ   ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ နှစ်(၇၀၀) ပြည့် အားကစားကွင်းသို့ရောက်ရှိ၍ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားကွင်းအတွင်း စိမ်းလန်းစိုပြည်စေရေး၊ ဘောလုံးကွင်းအတွင်းရှိ  မြေနိမ့်သည့်နေရာ များကို မြေဖို့၊ မြေညှိခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ဘောလုံးကွင်းပတ်လည်ရှိ ရေနုတ်မြောင်းအဖုံးများနှင့် ဂိုးတိုင်များဆေးသုတ်သွားရန်၊ ဂိုးပိုက်များအား စနစ်တကျတပ်ဆင်သွားရန်နှင့် အားကစားကွင်းအတွင်း ရေကူးကန်တည်ဆောက်မည့်မြေနေရာအား  Layout  Plan  မြေပုံနေရာများဖြင့်  ရေးဆွဲတင်ပြသွားရန်၊    အားကစားရုံအတွင်း   ခိုငှက်များ မဝင်ရောက်နိုင်စေရေးအတွက်  ဝင်ရောက်နိုင်သည့် နေရာများအား သံဆန်ခါများဖြင့် စနစ်တကျ ကာရံသွားရန် မှာကြားသည်။

ယင်းနောက် စစ်ကိုင်းမြို့နယ် ပိုးတန်းအားကစားကွင်းသို့ သွားရောက်၍ ဘောလုံးကွင်းနှင့် မိုးလုံလေလုံအားကစားရုံတို့ကို  လိုက်လံကြည့်ရှုစစ်ဆေးပြီး  အားကစားကွင်း/အားကစားရုံ  ရေရှည်တည်တံ့စေရေး၊ မြဧရာတင်းနစ်ကွင်း မြေပြင်အက်ကြောင်းများ ပြန်လည်ပြုပြင်ခြင်းနှင့် ကွင်းဆေးသုတ်ခြင်းများ ပြန်လည်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် စစ်ကိုင်းမြို့နယ် အသင်္ခယာရိပ်သာ၌ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း/အမှုထမ်းဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန်(၆)ချက်၊ နိုင်ငံ့ဝန်ထမ်းများ ထမ်းဆောင်ရမည့် တာဝန်(၃)ရပ်နှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်အပါး(၃၀)တို့ကို လေးစားလိုက်နာကြရန်လိုကြောင်း မှာကြားပြီး ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာနှင့် ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အခက်အခဲများနှင့် တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                         

သတင်းစဉ်