နေပြည်တော်    စက်တင်ဘာ    ၃၀

နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိရာ   ယနေ့ နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ မြစ်ကြီးနားမြို့ ပြည်နယ်ခန်းမ၌ ကချင်ပြည်နယ်အတွင်းရှိ ဟိုတယ်နှင့်   ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဗဟိုကော်မတီကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင်   ပြန်လည်ဖွဲ့စည်းပေးခဲ့ပြီး   ခရီးသွားလုပ်ငန်းကော်မတီနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ထို့အတူ ခရိုင်၊ မြို့နယ်အဆင့် ဒေသဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံများပါဝင်ပြီး လက်ရှိအခြေအနေနှင့်ကိုက်ညီအောင် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် သဘာဝအလှအပများ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝပြီး ခရီးသွားဆွဲဆောင်ရာနေရာများစွာ  ပိုင်ဆိုင်ထားရှိသဖြင့် အဆိုပါအရင်းအမြစ်များကိုအသုံးချကာ ခရီးသွားလုပ်ငန်းများ တိုးတက်အောင်  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်က   ကချင်ပြည်နယ်အတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ၊ ခရီးလှည့်လည်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် ပြည်‌‌ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က    တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်‌ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

မွန်းလွဲပိုင်းတွင်    မြစ်ကြီးနားမြို့ရှိ   ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်း  အားကစားနည်းမျိုးစုံ ဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံအဆင့်မှစတင်၍ စနစ်တကျလေ့ကျင့် သင်ကြားပေး၍ မျိုးဆက်သစ် ထူးချွန်ထက်မြက်သော ကစားသမားများမွေးထုတ်ရန်၊ လူငယ်အားကစားသမားများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသော လေ့ကျင့်ရေးစနစ်များ စီစဉ်ချမှတ်ဆောင်ရွက်နိုင်ရန်၊  ဒေသဆိုင်ရာ တိုင်းရင်းသားရိုးရာအားကစားများကို ထိန်းသိမ်းမြှင့်တင်ခြင်းနှင့်အတူ ခေတ်မီ အားကစားပြိုင်ပွဲများ ပိုမိုကျင်းပရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များအတွက် အမှတ်တရလက်ဆောင်များကို လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ ကို ပညာသင်ထောက်ပံ့ကြေး၊ စာရေးကိရိယာများနှင့် စားသောက်ကုန်များကိုလည်းကောင်း၊  တိုက်ပွဲရှောင်ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် စားသောက်ကုန်များကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။                         

သတင်းစဉ်