နေပြည်တော် စက်တင်ဘာ ၂၉

ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာနသည်  ခရီးသွားရာသီအမီ  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ အသင့်ဖြစ်နေစေရေး၊ မန္တလေး ငလျင်ကြီးဒဏ်ကြောင့်    ထိခိုက်ပျက်စီးခဲ့သော  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအနေဖြင့် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီး အမြန်ပြန်လည်ဖွင့်လှစ် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်       ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ငလျင်ဘေးသင့်ဟိုတယ်များ ပြုပြင်ဆောင်ရွက်နေမှု၊  ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း လည်ပတ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဟိုတယ်များမှ တာဝန်ရှိသူများက ငလျင်ဒဏ်သင့် အဆောက်အအုံ၊ အခန်းများ၊ ခန်းမများအား ပြုပြင်မွမ်းမံဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးမှု၊  ပြင်ဆင်ပြီးအခန်းများတွင် ဧည့်သည်များ လက်ခံပြီး လုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက်တည်းခိုကြရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် ဆောင်ရွက် ပေးစေလိုသည်များကို   ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရ   ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများစွာရှိသည့်အတွက်  ခရီးသွားရာသီအမီ ဟိုတယ်လုပ်ငန်းများကို အဆင်သင့်ပြင်ဆင်ထားရှိရေး၊  ဟိုတယ်များအနေဖြင့် ပြည်ပခရီးသွား ဈေးကွက်သာမက ပြင်တွင်းခရီးသွား ဈေးကွက်ကို ဦးတည်၍   ဆောင်ရွက်ကြရေး၊ ငလျင် ဒဏ်သင့်  ဟိုတယ်အဆောက်အအုံ၊  အခန်းများ၊ ခန်းမများအား    ပြင်ဆင်ရာတွင် သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြင်ဆင်ကြရန်နှင့် ဟိုတယ်သို့ လာရောက်တည်းခိုသည့် ဧည့်သည်များအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးကြေညာချက်များ ထားရှိရေး၊ ဟိုတယ်ဝန်ထမ်းများကိုလည်း အရည်အသွေးပြည့်ဝသည့် ကျွမ်းကျင်ဝန်ထမ်းများဖြစ်အောင် သင်ကြားလေ့ကျင့်ပြီး ဝန်ဆောင်မှုအဆင့်အတန်း မြင့်မားလာအောင် ဆောင်ရွက်ကြရေး၊ ဟိုတယ်များတွင် ဧည့်သည် များကို   ဆွဲဆောင်သည့်အစီအစဉ်များ ဖန်တီးဆောင်ရွက်ရေး၊ မကြာမီ ပွင့်လင်းရာသီ   ရောက်ရှိ တော့မည်ဖြစ်၍ မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုပြီး  ကြိုတင်ကာကွယ်ရေး အစီအမံများကို ပြည့်စုံစွာ ဆောင်ရွက်ကြရေး၊ ဟိုတယ်များအနေဖြင့် မြို့တော်အင်္ဂါရပ်နှင့် အညီဖြစ်စေရန် သန့်ရှင်း သာယာလှပရေးကို   အမြဲမပြတ်ဆောင်ရွက်ကြရေးနှင့်စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်