နေပြည်တော် ၉ ဧပြီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဧပြီ ၇ ရက်တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင်ကြိုးပြင် ကာကွယ်တော အကွက်အမှတ်(၂၀)အတွင်း သစ်တောဦးစီးဌာနက စိုက်ပျိုးတည်ထောင် ဆောင်ရွက်လျက်ရှိသည့် ၁/၂၀၁၇ စီးပွားရေးကျွန်းစိုက်ခင်းဧက (၅၀)၊ ၁/၂၀၁၈ စီပွားရေးကျွန်းစိုက်ခင်း ဧက (၅၀) တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ၁/၂၀၁၉ စီးပွားရေးကျွန်းစိုက်ခင်းဧက (၅၀) ၏ စိုက်ခင်း အကြိုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့နယ်၊ နမ့်လုံတောင်ကြိုးပြင် ကာကွယ်တော အကွက်အမှတ် (၁၉)အတွင်း ပုဂ္ဂလိကလုပ်ငန်းရှင် ဦးတင်မြင့်၏ ပုဂ္ဂလိက စီးပွားရေး (ကျွန်း)စိုက်ခင်း ဧက (၅၀ဝ) အားကြည့်ရှုစစ်ဆေးသည်။ အဆိုပါ စိုက်ခင်းသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၃)နှစ် စိုက်ပျိုးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိုင်းဖြတ်မြို့နယ်၊ သစ်တောဦးစီးဌာန၏ သစ်တော ပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေး ပျိုးဥယျာဉ်လုပ်ငန်းများကို အချိန်ဇယား ကိုက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျန်းမာသန်စွမ်းသည့် ပျိုးပင်များ ထုတ်လုပ်နိုင်မှသာ စိုက်ခင်းကောင်းတစ်ခု တည်ထောင်နိုင်မည်ဖြစ်ပါကြောင်း၊ လူထုဖြန့် ပျိုးပင်များကိုလည်း ဒေသနှင့်ကိုက်ညီသည့် ပျိုးပင်များပျိုးထောင်၍ စနစ်တကျဖြန့်ဝေ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ စိုက်ကွင်းတွင်စိုက်ပျိုးချိန်နှင့် ပျိုးပင်သယ်ယူချိန်တွင် ခံနိုင်ရည်ရှိအောင် ပျိုးပင်များကိုပြုစုထားရှိရန် လိုအပ်ကြောင်း မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မေဖလားဝါး သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်သို့ ရောက်ရှိပြီး ကုမ္ပဏီ၏ ဓာတ်ခွဲစမ်းသပ်ခန်း၊ လုပ်ကွက်အတွင်း စမ်းသပ်လိုဏ်ခေါင်း တူးဖော်ခြင်းလုပ်ငန်း၊ ရွှေသတ္တုသန့်စင် ထုတ်လုပ်ရန် တည်ဆောက်လျက်ရှိသည့် စက်ရုံ၊ ဟွေလေလုံချောင်းတွင်း စွန့်ပစ်မြေစာများ ကျဆင်းမမှုမရှိစေရန် ကျောက်စီမြေထိန်းနံရံများ တည်ဆောက်ထားရှိမှု အခြေအနေများအား စစ်ဆေးကြည့်ရှုခဲ့ပြီး စွန့်ပစ်မြေစာများအား ချောင်းအတွင်း မကျရောက်စေရေး စနစ်တကျစွန့်ပစ်ရန်နှင့် စွန့်ပစ်မြေစာပုံဘောင်များတွင် ဗက်တီဗာ မြက်များအား စနစ်တကျ စိုက်ပျိုးရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့တွင် မဂ္ဂနီစ်ဒိုင်အောက်ဆိုဒ်များအား တင်ပို့ရောင်းချရန် ယာယီထားရှိသည့် စုပုံကွင်းသို့ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ပြည်ပသို့ တင်ပို့ရောင်းချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်စက်မှုဇုန်အတွင်း မေဖလား ဝါးသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသည့် ရွှေထုတ်လုပ်သော Activated Carbon Processing Plant သို့ ရောက်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ပမှ တင်သွင်းလျက်ရှိသည့် ကာဗွန်များအစား မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဧပြီ ၈ ရက်နံနက်ပိုင်းတွင် တာချီလိတ်မြို့ရှိ တင်မြင့်ရီ ကုမ္ပဏီ၏ သစ်အချောထည် စက်ရုံအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲသည် တင်မြင့်ရီကုမ္ပဏီ သစ်အချောထည် စက်ရုံအနီးရှိ ရှမ်းပလောင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ/သားများနှင့် ရင်သွေးငယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ကူညီပံ့ပိုးပေးသည်။ အဆိုပါ ရှမ်းပလောင်ကျေးရွာအား တင်မြင့်ရီကုမ္ပဏီက လွန်ခဲ့သည့် ၈ နှစ်ခန့်ကတည်းက ကူညီထောက်ပံ့ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ ဝန်ထမ်းများအား တွေ့ဆုံသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် တာချီလိတ်မြို့နယ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးအဆောက်အဦ တည်ဆောက်နေမှု၊ ဝန်ထမ်းအိမ်ရာဝင်းများအား ကြည့်ရှုစစ်ဆေး၍ ဝန်ထမ်းအိမ်ရာတည်ဆောက်ရန် မြေနေရာတို့ကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


