နေပြည်တော် ၂ ဧပြီ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Luan Thuy Duong နှင့် ဗြိတိန်နိုင်ငံ သံအမတ်ကြီး H.E. Daniel Patrick Chugg တို့အား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာ-ဗီယက်နမ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးလုပ်ငန်း အခြေအနေများ၊ အခွန်ဆိုင်ရာကိစ္စရပ်များအားလည်းကောင်း ဗြိတိန်နိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of International Development-DFID) ၏ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီထောက်ပံ့ပေးမှု အခြေအနေများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


