နေပြည်တော် ၂ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်ခင်းရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ် ဦးကျော်လင်းက အဆိုပါလမ်းပေါ်ရှိ ပမ္မဝတီတံတာ (မြင်းကဆိပ်) ကြိုးတံတားကြံ့ခိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဝါးခယ်မ - မရမ်းချောင် - မြောင်းမြလမ်းပေါ်တွင် တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၂) မှ ယခင်ကြိုးတံတားအနီးတွင် တံတားသစ် တည်ဆောက်နေမှုနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဌေးဦးက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေး လက်ရှိကြိုးတံတား ခံနိုင်ဝန်သတ်မှတ်ချက်အတိုင်း မော်တော်ယာဉ်ငယ်များ ဖြတ်သန်းခွင့်ပြုပြီး ကုန်တင်ယာဉ်များကို ဇက်ရေယာဉ်ဖြင့် ဖြတ်သန်းခွင့်ပြုရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မလမ်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၅) မှ ဝါးခယ်မ ကြိုးတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် စီမံကိန်းသို့ရောက်ရှိပြီး ဘိုးပိုင်လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်ပြင်ဆင်နေမှုအား ကြည့်ရှုစစ်ဆေးသည်။
ယခုအခါ ဝါးခယ်မတံတားမှ ပင်မတံတားကြိုးဆိုင်းများနှင့် ကြမ်းခင်းဘေလီများ ဖြုတ်သိမ်းပြီးဖြစ်ပါ၍ ရေလယ်ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သံဆင်ခြင်း၊ Stand Pipe များ ချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပန်းတနော် - ရွှေလောင်း - ဝါးခယ်မလမ်းပေါ်ရှိ ရွှေလောင်းတံတား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ညွှန်ကြားရေးမှူးချုပ် ဦးရွှေလေးက ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသ လမ်းကွန်ယက်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွင်ပါဝင်သော တည်ဆောက်ပြီး တံတားများ၊ အဆင့်မြှင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်တံတားများနှင့် ဆက်လက်ဆောင်ရွက်မည့် တံတားများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရန်အတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)


