နေပြည်တော် ၁ ဧပြီ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် မတ်(၃၁) ရက် နံနက်ပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆက်သွယ်သည့် အဓိကလမ်းမကြီးဖြစ်သော ရန်ကုန် - ပုသိမ်လမ်းအားခရိုင်အဖွဲ့၊ အထူးအဖွဲ့များဖြင့် အပိုင်းလိုက် ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်နေမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ရန်ကုန် - ပုသိမ်လမ်းမကြီးနှင့် ဆက်သွယ်သောအရှည် (၂) မိုင်ရှိမိချောင်းတရာ - ဘဲဂရက်ကြီးလမ်းအားမြေသားတာဘောင်ချဲ့ခြင်း၊ တာဘောင်ဖို့ခြင်း၊ ကျောက်ခင်းခြင်းနှင့် ကတ္တရာခင်းနိုင်ရန်အတွက် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ တာဝန်ယူတည်ဆောက်နေသော ပုသိမ်တံတား အမှတ် (၂) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်လင်းဆောင်တွင် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သစ်သစ်အောင်က ပုသိမ်ဘက်ကမ်းနှင့် စိန်ကုန်းဘက်ကမ်းတွင် ချဉ်းကပ်တံတား ဘိုးပိုင်လုပ်ငန်းများဆောင်ရွက်ပြီးစီး မှု ၊ Pile Cap လုပ်ငန်းများဆောင်ရွက်နေမှု ၊ ပင်မတံတားရေလယ် (RP - 2) Bored Pile တူးခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းစီမံချက်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး ရှင်းလင်းဆောင်ရှုရပ်မှ ရေလယ်(RP-2)ဘိုးပိုင်တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပုသိမ်တံတားအမှတ် (၂) သည် ငဝန်မြစ်ကိုဖြတ်ကျော်ကာပုသိမ်မြို့တွင်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်းစိန်ကုန်းလူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်ထားပြီး စုစုပေါင်းတံတား အရှည် (၂၃၈၀) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၈) ပေ ၊ လူသွားလမ်းတစ်ဖက်လျင် (၅) ပေစီပါရှိပြီး ရေလမ်းကင်းလွတ်အကျယ် (၄၁၆) ပေ၊ အမြင့် (၆၀) ပေရှိသည်။ တံတားအမျိုးအစားမှာ သံမဏိ သံပေါင်တံတားဖြစ်ပြီးတံတား၏ ခံနိုင်ဝန်မှာ HS 25 Load Class ဖြစ်သည်။
တံတားကြီးတည်ဆောက်ပြီးစီးသွားပါက ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ငဝန်မြစ် အနောက်ဖက်ကမ်းမှ ဒေသခံပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေမည်ဖြစ်ပြီး ချောင်းသာ၊ ငွေဆောင်ကမ်းခြေအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကမ်းခြေလမ်းများကို ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


