နေပြည်တော် ၂ ဧပြီ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့််တို့သည် မတ် ၃၁ ရက် နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ ဗစ်တိုးရီးယားဟိုတယ်ခန်းမ၌ ကော့သောင်းမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုန်သည်လုပ်ငန်းရှင်များအား လိုအပ်သည်များ ကူညီပံ့ပိုးပေးရန် လာရောက်ခြင်းဖြစ်၍ ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ပြောကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရေထွက်ကုန်ပစ္စည်းများအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး လိုအပ်သည်များအား အကျယ်တဝင့် ပြောကြားသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တိုင်းဒေသကြီးအတွင်း ကုန်သွယ်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကော့သောင်းမှ ရနောင်းမြို့သို့ တံတားတည်ဆောက်ရန်တင်ပြမှု၊ လေယာဉ်စီးနင်းခလျှော့ချရေး တင်ပြမှုတို့အား ပြန်လည် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


