နေပြည်တော် ၃ ဧပြီ    
    

 

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့သည် ဧပြီ ၁ ရက် နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဆောင်ရွက်လျက်ရှိသည့် ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 
    

 

ရှေးဦးစွာ တည်ဆောက်ရေးရုံးခန်းမ၌ ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက Two Lane Road Overview ကနဦး တည်ဆောက်ရေးလုပ်ငန်း (၉)ခုအား ခွဲဝေနေရာ ချထားပေးမှုနှင့် ထားဝယ်အထူး စီးပွားရေးဇုန် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
    

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တို့က လိုအပ်သည်များ မှာကြားသည်။
    

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
    

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
    

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် မြန်မာ-ထိုင်း ဆက်ဆံရေးရုံးများသို့ သွားရောက်ကြည့်ရှုကြရာ မြန်မာ-ထိုင်းဆက်ဆံရေးမန်နေဂျာ Dr. Somchet Tinnapong က လိုက်လံရှင်းလင်းပြသပြီး နှစ်လမ်းသွားကားလမ်း၏ အစဖြစ်သော (၀) ကီလိုမီတာမှတ်တိုင်သို့လည်းကောင်း၊ တည်ဆောက်ရေးဇုန်အတွင်းသို့ လည်းကောင်း၊ Small Port ဆိပ်ကမ်းငယ် တည်ဆောက်ထားရှိမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
    

 

ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် ယင်းနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ ထားဝယ်ဟိုတယ် အစည်းအဝေးခန်းမ၌ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
    

 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိမိတို့အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်သည်များကူညီ ဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျ ပြည်ပကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးစေရန်အတွက် ပြည်တွင်းမှ လုပ်သားများအား အလုပ်အကိုင်ရရှိစေရေး အသုံးပြုပါက စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘဏ်များမှလည်း SME လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် တင်ပို့ရောင်းချပါက နိုင်ငံခြားငွေပိုမိုရရှိ လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက် တက်ရောက်လာကြသူများက လိုအပ်သည်များအား ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားသည်။ 

 


(သတင်းစဉ်)

 

ီ