နေပြည်တော် ၁ ဧပြီ
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဗဟိုအဖွဲ့အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်တို့သည် မတ်(၂၉)ရက် မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ ကမ်းနားလမ်းရှိ မြိတ်အများပိုင်ကော်ပိုရေးရှင်း ရုံးခန်းမသို့ ရောက်ရှိကြရာ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ၊ ဦးလှသန်းက မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မင်းကြီးကျွန်း၊ ကျားကြီးအော် ပုဇွန်မွေးမြူရေးစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် အမြန်ရေယာဉ်များဖြင့် ဘုတ်ပြင်းမြို့နယ်၊ ဝအလယ်ကျွန်းသို့ရောက်ရှိပြီး ကျွန်းပေါ်တွင်တည်ဆောက် ဖွင့်လှစ် ထားသည့် Wa Ale Eco Resort တွင် သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ထိန်းသိမ်းရေး၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရေး ပင်လယ်ရေအားသန့်စင်ပြီး ရေချိုအဖြစ် ပြန်လည်အသုံးပြုရေးနှင့် ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက် တည်းခိုအပန်းဖြေနိုင်ရန် ပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် မတ် ၃၀ ရက် နံနက် ၁၀ နာရီက အမြန်ရေယာဉ်များဖြင့် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ အောင်ဘာကျေးရွာအုပ်စုရှိ၊ ဘိုနက်ကျော်ကျွန်းတွင် ပြည်တွင်း/ပြည်ပ ခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက် K Future Co.,Ltd မှ အသစ်တည်ဆောက်နေသည့် ဟိုတယ် ၂၆ လုံးတည်ဆောက်မှု အခြေအနေအား ဝင်ရောက်ကြည့်ရှုသည်။
ယင်းနောက် ကော့သောင်းမြို့၊ ကျွန်းဖီလာဟိုတယ်သို့ ရောက်ရှိပြီး အထွေထွေမန်နေဂျာ Mr. Steffan က ဟိုတယ်လုပ်ငန်းများနှင့်ပတ်သက်၍ Yoma Group ၏ ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများလုပ်ဆောင်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများက သဘာဝပတ်ဝန်း ကျင် ထိခိုက်မှုမရှိစေရေး၊ အမှိုက်စွန့်ပစ်သည့်စနစ်၊ ရေဆိုးသန့်စင်မှု၊ နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်သုံးစွဲဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သိရှိလိုသည် များကို မေးမြန်း၍ လိုအပ်သည်များ မှာကြားသည်။
ထို့နောက် အဝတ်အခြောက်လျှော်စက်၊ ပင်လယ်ရေမှ ရေချိုပြန်လည် ထုတ်ယူနေမှုတို့အား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကော့သောင်းခရိုင်၊ ဇာတက်ကြီးကျွန်းအနီးရှိ ညောင်ဦးဖီး ကျွန်းပေါ်ရှိ Victoria Cliff Resort သို့ ရောက်ရှိပြီး လုပ်ငန်းရှင် ဒေါ်ခင်သက်သက်လွင်မှ ဟိုတယ်အတွင်း လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


