နေပြည်တော် ၂၄  မတ် 

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ International Glass Co., Ltd. သို့ PPP စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၃၆)အကြီးစား စက်ရုံသို့ ရောက်ရှိပြီး မှန်ရည် ကျိုမီးဖိုတွင် သဘာဝဓာတ်ငွေ့ အသုံးပြုမှု လျော့နည်းစေရေးအတွက် မီးတောက် Position နှင့် ဖိအားထိန်းညှိမှုနည်းပညာများ အောင်မြင်စွာ အသုံးပြုနေမှု၊ Tin အရည်ကန်အတွင်း အပူချိန်ထိန်းချုပ်ထားမှုနှင့် လောင်စာအချိုး ထိန်းချုပ်မှုတို့တွင် နည်းပညာသစ်များ ထပ်မံဖြည့်တင်းသုံးစွဲနေမှု၊ အပူစွမ်းအင်လေလွှင့် ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်ထားရှိမှု၊  ကွန်ပျူတာစနစ်အသုံးပြု၍ စက်များအားထိန်းချုပ်မောင်းနှင် နေမှု၊ အလိုအလျောက် မှန်အရည်အသွေးစစ်ဆေးနေမှု၊ အလိုအလျောက် မှန်ကောက်/ မှန်သိမ်းဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီးဈေးကွက်ဝင် အရည်အသွေးမီမှန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးချေရမည့် သဘာဝဓါတ်ငွေ့နှင့် လျှပ်စစ်မီတာခ အဖိုးငွေများကို စာချုပ်ပါစည်းကမ်းနှင့်အညီအချိန်မီမပျက်မကွက်ပေးချေရန် မှာကြားသည်။

 

အမှတ်(၃၆)အကြီးစားစက်ရုံတွင် ယခင်ကတစ်နေ့လျှင် မှန်အကျယ်(၇)ပေရှိမှန် တန်ချိန်(၁၀ဝ)ခန့်သာ ထုတ်လုပ်နိုင်ခဲ့ပြီးမှန်ရည်ကျိုမီးဖိုနှင့် ကုန်ထုတ်လုပ်မှုလိုင်းများ အဆင့်မြှင့်တင်ပြီးနောက် မှန်အကျယ်(၁၂)ပေ၊ အထူ(၃)မီလီမီတာမှ (၆)မီလီမီတာရှိ မှန် တန်ချိန် (၂၅၀)ထိတိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ပြီး၊ ပြန်လည်လည်ပတ်ပြီး (၁)လကျော်အတွင်း မှန်တန်ချိန်(၃၇၀ဝ)အားဖိလစ်ပိုင်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါနိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်ပြီးဖြစ်သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း) သို့ ရောက်ရှိပြီး သွေးကြောသွင်းဆေးရည် တိုးချဲ့ထုတ်လုပ်ရန် ဆေးရည်ဖြည့်သွင်းအိတ်ပျော့နှင့် ထုတ်လုပ် နေမှု၊ Blow, Fill, Seal-BFS စက်များလည်ပတ်မှုအခြေအနေ တို့ကိုလှည့်လည် ကြည့်ရှု စစ်ဆေးပြီး ဆေးဝါးများအားကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO) ၏ GMP guide Line များအတိုင်းတိတိကျကျ လိုက်နာထုတ်လုပ်ရန်၊ ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် လိုအပ်သောဆေးဝါးများကို နှစ်စဉ်တိုးမြှင့်ပြီးနိုင်ငံတကာ စံချိန်မီထုတ်လုပ်ရန်၊ ဈေးနှုန်းချိုသာပြီးဝယ်ယူသူများထံအရောက် ထုပ်ပိုးမှုပုံစံသစ်များဖြင့် ရောင်းချနိုင်ရေးစီမံဆောင်ရွက်ရန်၊ စက်ကိုင်တွယ်မည့် ကျွမ်းကျင်ဝန်ထမ်းများအား စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန်၊ ပြည်ပပညာရှင်များထံမှ ပြုပြင်ထိန်းသိမ်း နည်းစနစ် များနှင့် ကိုင်တွယ်မောင်းနှင်မှုစနစ်များ အပြည့်အဝရယူဆောင်ရွက်ကြရန် မှာကြားသည်။ 

 

စက်မှုဝန်ကြီးဌာနအနေဖြင့် ယခင်ကသွေးကြောသွင်းဆေးရည် တစ်နှစ်လျှင် ဘူး(၅) သန်း သာထုတ်လုပ်နိုင်ခဲ့ပြီး အဆိုပါ စက်ရုံဖွင့်လှစ်ပြီးပါကတစ်နှစ်လျှင် သွေးကြောသွင်း ဆေးရည် ဘူး(၁၀)သန်း ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်၍ တစ်နှစ်လျှင် ဘူး(၁၅)သန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းလိုအပ်ချက်၏ (၃၀ ရာခိုင်နှုန်း ) အထိ တိုးမြှင့် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အိမ်သုံးပစ္စွည်းစက်ရုံ(မင်းစု)သို့ ရောက်ရှိပြီး ဆေးရုံသုံးစတီးကုတင်များထုတ်လုပ်ထားရှိမှု၊ Gas မီးဖိုများတီထွင်စမ်းသပ် ထုတ်လုပ် နေမှုအခြေအနေတို့ကို လှည်လည်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံသုံးစတီးပစ္စည်းများအား Medical Grade ပြည့်မီအောင်နှင့် လက်ရာသေသပ်ကောင်းမွန်အောင် ခေတ်မီစက် အသစ်များ အသုံးပြုထုတ်လုပ်ရန်၊ စက်ရုံရှိစက်နှင့်စက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချပြီးအမယ်သစ်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စိတ်ကူးစိတ်သန်းကောင်း ကောင်းဖြင့် တီထွင်ကြရန် မှာကြားပြီးလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)