နေပြည်တော် ဇူလိုင် ၂၈

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား ယနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမှုအပေါ် မူတည်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်အကောင်အထည်ဖော်နိုင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

(သတင်းစဉ်)