ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) သွားရောက်ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ မတ်

 

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)၏ စက်ပြုပြင်မွမ်းမံနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဉီးစွာပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ) ရှိရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ စက်ရုံမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြရာ မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ဖြည့်ဆည်းပေးနိုင်ရန် အထွက်နှုန်းကျဆင်းနေသည့် ရေနံမြေများမှ တွင်းဟောင်းများကို သုတေသနပြု၍ အဖျောက်နှင့် မအူပင် ရေနံနှင့် သဘာဝဓာတ်ငွေ့မြေတို့မှ သဘာဝ ဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့သဖြင့် ဓာတ်မြေဩဇာစက်ရုံများနှင့် အများပြည်သူသယ်ယူပို့ဆောင်ရေး ကဏ္ဍတို့သို့ ပိုမိုဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ဓာတ်မြေဩဇာစက်ရုံများအနေဖြင့်လည်း အကန့်အသတ်ဖြင့်ရရှိလာသည့် သဘာဝဓာတ်ငွေ့များအား အကျိုးရှိထိရောက်စွာအသုံးပြု၍ အရည်အသွေး ပြည့်မီသည့် ဓာတ်မြေဩဇာများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုစက်ရုံအား ၂၀၁၀ ခုနှစ်မှစတင်လည်ပတ်ခြင်းဖြစ်ရာ Chemical Plant များ၏ သဘောသဘာဝအရ စက်ရုံအကြီးစား ပြင်ဆင်ခြင်း (Renovation) ဆောင်ရွက်ရမည့်ကာလသို့ ရောက်ရှိနေပြီဖြစ်သဖြင့် အကြီးစားပြင်ဆင်နိုင်ရေး အစီအမံများ ချမှတ်ဆောင်ရွက်နေပါကြောင်း၊ စက်ရုံအား စနစ်တကျပြင်ဆင်ပြီးစီးပါက စက်စွမ်းအားပြည့် လည်ပတ်ပြီးအရည်အသွေးကောင်းမွန်သည့် ယူရီးယားဓာတ်မြေဩဇာများ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်မည် ဖြစ်ရာ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံဝန်းအတွင်းလှည့်လည်၍ စက်ရုံပင်မထိန်းချုပ်ခန်းတွင် Distributed Control System - DCS စနစ်ဖြင့်ထိန်းချုပ်ပြီး ယူရီးယားဓာတ် မြေဩဇာလည်ပတ် ထုတ်လုပ်နေမှု၊ ထုတ်လုပ်ရရှိသည့် ယူရီးယားဓာတ်မြေဩဇာများ၏ အရည်အသွေး သတ်မှတ်ချက်များ ပြည့်မီမှန်ကန်စေရေး ဓာတ်ခွဲခန်းတွင်တိုင်းတာ စမ်းသပ်စစ်ဆေးနေမှုနှင့် စက်ရုံအကြီးစားပြင်ဆင် ဆောင်ရွက် သည့်အခါ အဓိကထားဦးစားပေး ပြင်ဆင်ရမည့်အပိုင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည် များကို မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)ရှိ ဓမ္မာရုံတွင် စက်ရုံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့်တွေ့ဆုံရ၍ ဝန်ထမ်းများ၏ တင်ပြမှုများအပေါ် လိုအပ်သော  ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)