ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ်(၀၃၂)တို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဧပြီ ၂၈

စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်းနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနနှင့် မော်တော်ယာဉ် သုံးသဘာဝဓာတ်ငွေ့အရောင်းဆိုင်အမှတ် (၀၃၂) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို အထွေထွေမန်နေဂျာက နေ့စဉ်ကုန်းတွင်းနှင့်ကမ်းလွန်မှ ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၂၀ ခန့်အား ထိန်းညှိဖြန့်ဖြူးပေးနေသည့် အခြေအနေနှင့် ရန်ကုန်တိုင်းဒေသကြီးတွင်း ဓာတ်ငွေ့ပိုက်လိုင်းကွန်ယက်အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးမှ ဖြည့်စွက်ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူနိုင်သည်ဖြစ်၍ အကျိုးရှိစွာ အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသဘာဝ ဓာတ်ငွေ့ရောင်းချမှု အားလုံးကို ထုထည် အခြေပြုအစား အပူစွမ်းအင်အခြေပြုဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သုတေသနပြုလုပ်၍ နည်းပညာအသုံးပြု ဆောင်ရွက်ခဲ့သဖြင့် မအူပင်၊ အဖျောက်နှင့် မြန်အောင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးတက်ထုတ်လုပ်နိုင်ခဲ့ပြီး တိုးတက်ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် YBS ယာဉ်များနှင့် Taxi ယာဉ်များကို ဦးစားပေး၍ အထူးသက်သာသောဈေးနှုန်းဖြင့် နိုင်ငံတော်မှစိုက်ထုတ်ပြီး CNG ရောင်းချပေးလျက်ရှိကြောင်း၊ CNG ကို ဓာတ်ဆီ၊ ဒီဇယ်များနှင့် နှိုင်းယှဉ်အသုံးပြုရာတွင် ကုန်ကျစရိတ်အနေဖြင့် CNG အသုံးပြုမှုသည် များစွာသက်သာနေသည်ကို အသုံးပြုသူများအသိပင်ဖြစ်ကြောင်း၊ နည်းပညာဆိုင်ရာ သုတေသနပြုမှုများအရ CNG သည် သန့်ရှင်းသည့် စွမ်းအင်အမျိုးအစားဖြစ်၍ စက်ပစ္စည်းများ၏ သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်သည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယခုလအတွင်း ပြုလုပ်ခဲ့သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ကိန်းဂဏန်းအချက်အလက်များဖြင့် ဆွေးနွေးရှင်းပြခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့အားသာချက်များရှိသည့်အတွက် CNG အသုံးပြုခွင့်ရရှိနေသည့် မော်တော်ယာဉ်ပိုင်ရှင်များ၊ အငှားယာဉ်မောင်းများ အနေဖြင့် ခရီးသည်များထံမှယာဉ်စီးခများ တောင်းခံရာတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီကားများထက် သိသာစွာလျှော့ချ၍ တောင်းခံပေးခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း၊ အနာဂတ် သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရေး ကဏ္ဍတွင် One BTU စနစ်ဖြင့်ဆောင်ရွက်နိုင်ရေး ဓာတ်ငွေ့ပေါင်းဆုံမည့် Gas Hub နှင့် ပိုက်လိုင်းကွန်ယက် အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျ အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့သုံး CNG အရောင်းဆိုင်များမှမန်နေဂျာများကို လိုအပ်သည်များမှာကြားပြီး ပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန် ခေတ်မီစက်ကိရိယာများဖြင့် CNG အိုးများ စမ်းသပ်စစ်ဆေးနေသည့် CNG Retest Factory အလုပ်ရုံအား ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၃၂)သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တာရာယ်ကင်းရှင်းစေရေး နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသည့် Standard Operating Procedure (SOP) များကို အလေးထား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စက်များကြံ့ခိုင်ကောင်းမွန်စေရေးနှင့် သက်တမ်းကြာရှည်စွာ အသုံးပြုနိုင်ရေးအတွက် regular maintenance နှင့် preventive maintenance များကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ် မူတည်ပြီး နှစ်အလိုက်အစီအမံများ ရေးဆွဲဆောင်ရွက်ရန်ဖြစ်ကြောင်းမှာကြားကာ CNG သုံးခရီးသည်တင် YBS ယာဉ်နှင့် အဌားယာဉ်များ အား CNG ဖြည့်တင်းပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။ 

သတင်းစဉ်