နေပြည်တော် ဩဂုတ် ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ် အတွင်းရှိ သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေး မြို့နယ် တလုပ်ပင်ကျေးရွာရှိ ကြံတိုင်းအောင် သမဝါယမအသင်းပိုင်မြေ ၉၇ ဒသမ ၆၅ ဧကပေါ်၌ ဒို့မြန်မာသမဝါယမအသင်းနှင့် ကြံတိုင်းအောင် သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ ဒေသ နွားမျိုးကောင်ရေ ၁၅၀ မွေးမြူထားမှုကို ကြည့်ရှု စစ်ဆေးပြီး သမဝါယမအသင်းများအနေဖြင့် ဒေသ နွားကောင်ရေ ၅၀၀ မွေးမြူရေးစီမံချက်တွင် ပထမ အဆင့် ကောင်ရေ ၁၅၀ မွေးမြူနိုင်ခဲ့ပြီး ကျန်ရှိသော နွားများ သတ်မှတ်ရက်တွင်ရောက်ရှိရေး ချိတ်ဆက် ဆောင်ရွက်ရန်၊ နွားစာရရှိရေး မွန်ဗားဆားမြက်၊ နေပီယာမြက် ၂၇ ဧက စိုက်ပျိုးထားမှုကို ရှင်သန်အောင် ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် သမဝါယမအသင်းများက စိုက်ပျိုးထားသည့် နေပီယာမြက်စိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် မြွေရိုးကျောင်းစု ကျေးရွာအုပ်စု ရုံးတောကျေးရွာ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ အသင်းပိုင်လယ်မြေ ခုနစ်ဧက တွင် စိုက်ပျိုးထားသော အောင်နိုင်တိုး အထွက်တိုး စပါးမျိုးများ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုစစ်ဆေး ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်ပြည်ထောင်စု ဝန်ကြီးက ရရှိလာသောစပါးများကို တိုင်းဒေသကြီး၊ ပြည်နယ် သမဝါယမအသင်းစုချုပ်များ၊ မြို့နယ် သမဝါယမအသင်းစုများနှင့် ပူးပေါင်းချိတ်ဆက်၍ ဝယ်ယူကြိတ်ခွဲ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ စပါးရိတ်သိမ်းပြီးပါက မြေပဲ၊ နှမ်း၊ ပြောင်းသီးနှံများ ဆက်လက်စိုက်ပျိုးနိုင်ရေး လိုအပ်သည့်မျိုးအား သမဝါယမအသင်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်ရန်၊ မိုးစပါးစိုက်ပျိုးနိုင်ရေး အချိန်မီပျိုးထောင်၍ လိုအပ်သည်များ ကြိုတင် ပြင်ဆင်ရန်မှာကြားကာ လုပ်ငန်းလိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်