ပြည်ထောင်စုဝန်ကြီး ဦးလှမိုး သမဝါယမဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၆

 

သမဝါယမစနစ် ပီပြင်စွာဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ပြီး သမဝါယမစနစ်၏ ကောင်းကျိုးများကို ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော သမဝါယမဦးစီးဌာန၊ အရာထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း ဖွင့်ပွဲအခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီးက ဦးလှမိုးက ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းတွင် သမဝါယမအသင်းများ၏ စာရင်း များအား စနစ်တကျ မှန်ကန်စွာ စစ်ဆေးနိုင်ရန် စာရင်းစစ်ဆေးခြင်းများ၊ သမဝါယမအသင်း ဖွဲ့စည်းသည်မှ စာရင်းရှင်းလင်းဖျက် သိမ်းသည်အထိ အသုံးချရမည့် သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များအပြင် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအား သိရှိနိုင်စေရန်၊ ကုန်ထုတ်ဝန်ဆောင် သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်း၊  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော် ဘတ်ဂျတ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးလုပ်ငန်းများ၊ သမဝါယမအသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ OVOP အတွက် (Pilot Project) ဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်းနှင့် ရုံးလုပ်ငန်းဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း။

 

သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဦးစီးဌာနအချင်းချင်းသော် လည်းကောင်း၊ သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်း အချင်းချင်းသော် လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ထို့နောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက သမဝါယမဦးစီးဌာနမှ ဆောင်ရွက်နေသော နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရေး သင်တန်း ဖွင့်လှစ်ပေးနေမှုများကို ရှင်းလင်းတင်ပြသည်။

 

သင်တန်းဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ အရာထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)