နေပြည်တော် စက်တင်ဘာ ၂၂
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ပြည်ထောင်စု အစီရင်ခံစာ အောင်မြင်စွာ ထုတ်ပြန်နိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် ဆဋ္ဌမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုသန်းခေါင် စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လုပ်ငန်းစဉ်များကို နိုင်ငံတော်အစိုးရ၏ ဦးဆောင် လမ်းညွှန်မှု၊ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု သန်းခေါင်စာရင်း ကော်မတီ အဆင့်ဆင့်တို့၏ ကြီးကြပ်ကွပ်ကဲမှု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမှု၊ သန်းခေါင်စာရင်း မေးခွန်းများကို မှန်မှန်ကန်ကန် ဖြေကြားခြင်းဖြင့် ပံ့ပိုး ကူညီပေးကြသည့် ပြည်သူအားလုံး၏ ပူးပေါင်းပါဝင်မှုတို့ကြောင့် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများနှင့် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို လုံခြုံရေးနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြားမှ စီမံချက်ပါ သတ်မှတ်အချိန် ဇယားအတိုင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယင်းသို့ ကောက်ယူရရှိသည့် အချက်အလက်များကို အချက်အလက် အသုံးပြုသူများ၊ အစိုးရ ဌာနအဖွဲ့အစည်းများ လတ်တလော အသုံးပြုနိုင်ရေးအတွက် သန်းခေါင်စာရင်း၏ ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းနောက် စာရင်းဇယားပြုစုခြင်းနှင့် ဆန်းစစ် လေ့လာခြင်း လုပ်ငန်းများနှင့် ပြည်ထောင်စု အစီရင်ခံစာများ ရေးသားပြုစုခြင်း လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုပြုစု ပြီးဖြစ်သည့် ပြည်ထောင်စု အစီရင် ခံစာတွင် လူဦးရေဆိုင်ရာ အချက်အလက်များ၊ ပြည်တွင်း/ ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်သေဆုံးခြင်းစသည့် အကြောင်းအရာများ ပါဝင်ပါကြောင်း။
ပြည်ထောင်စု အစီရင်ခံစာနှင့် အတူ အချက်အလက် အသုံးပြုသူများ လွယ်လွယ်ကူကူသိရှိ အသုံးပြုနိုင်ရန် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများ အစီရင်ခံစာတို့ကိုပါ တစ်ပါတည်း ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအစီရင်ခံစာများသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲချမှတ်ရာတွင် အခြေခံ အသုံးပြုရမည့် လူဦးရေနှင့် လူမှုဘဝဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များပင် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာ ထုတ်ပြန်ကြေညာခြင်းကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်း၏ အနှစ်သာရသည် စာရင်းကောက်ယူနိုင်ခြင်း သာမက သန်းခေါင်စာရင်းအချက် အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများနှင့် စာရင်းအင်း အသုံးပြုသူများ လက်ဝယ် ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှသာ သန်းခေါင်စာရင်း အောင်မြင်သည်ဟု ဆိုနိုင်မည်ဖြစ်ပါကြောင်း။
ပြည်ထောင်စု အစီရင်ခံစာ ထုတ်ပြန်ကြေညာမည့် နိုင်ငံတော်အဆင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစည်းအဝေး တက်ရောက်လာကြသူများ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ သတ်မှတ်ချိန်အမီ ပြီးစီးရေးအတွက် ဆောင်ရွက်မည့် အစီအစဉ်များ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ အချင်းချင်းပေါင်းစပ် ဆောင်ရွက်ရမည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေး ကြစေလိုပါကြောင်းနှင့် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင် အတွင်းရေးမှူး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်က သန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာထုတ်ပြန် ခြင်းအခမ်းအနား ကျင်းပနိုင်ရေး အခြေအနေနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဗဟို သန်းခေါင်စာရင်း ကော်မရှင် အဖွဲ့ဝင်များ၊ အခမ်းအနားနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် ဆက်စပ်ဌာနများမှ ကိုယ်စားလှယ် များက ပြည်ထောင်စုအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မည့် အခြေအနေ၊ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြ ကြသည်။
ယင်းနောက် ဗဟိုသန်းခေါင် စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


