ဘားအံ ၁၈  မတ်

 

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ကရင်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ယနေ့ ညပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊  အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

 

ရှေးဦးစွာ ကရင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ် ချုပ်ရေးမှူး ဦးကျော်စိုး ကခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး ကရင်ပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ လုပ်ငန်းဆောင် ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက မိမိတို့အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသည် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်တွေကြားတွင် အုပ်ချုပ်ရေးယန္တရား ခိုင်ခိုင်မာမာဖြစ်ရန် ကြိုးပမ်းဆောင် ရွက်ခဲ့သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပါကြောင်း။ ယခုအချိန်တွင် ပြည်သူလူထုလိုလား သည့် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်ရန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအနေနှင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ပြုပြင်ပြောင်းလဲမှု တွေကို သိသာမြင်သာစွာဖြင့် ပြည်သူများမြင် တွေ့နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါကောင်း ဖြစ်ပါကြောင်း။

 

ထို့ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများပါဝင်သည့် ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖေါ်ဝါရီ(၂၆)ရက်မှ (၂၈)ရက်အထိ နေပြည်တော်တွင် ကျင်းပပါကြောင်း၊ ၎င်းအလုပ်ရုံဆွေးနွေးပွဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီမှ အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ အားလုံးအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရင့်ဝန်ထမ်းဟောင်းများလည်း တက်ရောက်ခဲ့ပါကြောင်း၊ ဒီဆွေးနွေးပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဌာနဝန်ထမ်းတွေအခြေခံပြီး ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးပွဲလည်း ဖြစ်ပါကြောင်း။

 

၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးချက်များအရ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ ပေါ်ထွက်လာခဲ့ပါကြောင်း။ ပေါ်ထွက်လာသည့် Vision က “ ပြည်သူကို ဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး” ဖြစ်ပါကြောင်း။ မိမိတို့ဝန်ထမ်းများ ရွေးချယ်အဆိုပြုလိုက်သည့် ဌာန၏ မျှော်မှန်းချက်လည်း ဖြစ်ပါကြောင်း။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ Mission များက “တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖော်ဆောင်ရေးနှင့် ပြည်သူဗဟိုပြုဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရေး” တို့ ဖြစ်ပါကြောင်း။ 

 

ဒီရည်မှန်းချက်တာဝန် Mission များမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စဉ်းစားသုံးသပ်ပြီး ရွေးချယ်အဆိုပြုထားခြင်းဖြစ်သည့်အတွက် ဒီတာ ဝန်တွေကို အလေးအနက်ထားပြီး ကြိုးပမ်းဖော်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။

 

ထို့အပြင် ၎င်းဆွေးနွေးပွဲကနေ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (၃)ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပါကြောင်း၊ ၎င်းတို့မှာ-

 

(၁) မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊

 

(၂ ) စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊

 

(၃) ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်းများ တည်ဆောက်ရေးတို့ဖြစ်ပါကြောင်း။

 

လုပ်ငန်းစဉ် (၁)ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမှာ ပြဋ္ဌာန်း သတ်မှတ်ချက်တွေကို ပြန်လည်သုံးသပ်ပြုပြင် ပြောင်းလဲရေးဆွဲရန်၊ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ထုံး လုပ်နည်းများကို ပြင်ဆင်ရမည့် အပိုင်းများ၊ ဖြည်လျော့ပေးရမည့်အပိုင်းများ ခွဲခြားပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။

 

 လုပ်ငန်းစဉ်(၂)ဖြစ်သည့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးမှာ အဓိက ကျသည့် အထွေထွေအုပ်ချုပ်ရေးသင်တန်းကျောင်းကို သင်ကြားမှုစနစ်၊ သင်ခန်းစာ သင်ရိုးများအပြင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့များပါ ပြန်လည်အဆင့်မြှင့်တင်ပေးရန်၊ နိုင်ငံတကာ အဆင့်မီ သင်တန်းကျောင်းများနှင့် ချိတ်ဆက်ပြီး အုပ်ချုပ်မှုသင်တန်းတွေ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်သည့်အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဝန်ထမ်းအဆင့်ဆင့် လက်ကိုင်ထားရမည့် လုပ်ငန်းလက်စွဲ (Manual) များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်( Code of Conduct) များကို ပြန်လည်သုံးသပ်ရေးဆွဲရန်၊   ဝန်ထမ်းများ၏   စွမ်းရည်မြှင့်တင်ရေး၊   လူထုဆက်ဆံရေးများအပြင် e-Government စနစ်ကို ဦးတည်နိုင်မည့် အထောက်အကူပေးနိုင်မည့်   Data management  စနစ်ကို ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန် လုပ်ငန်းကဏ္ဍအလိုက် ဦးစားပေးသတ်မှတ်ပြီး စနစ်တကျ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။ 

 

လုပ်ငန်းစဉ် (၃)ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်းများ တည်ဆောက်ရေးတွင် ဒေသဖွံ့ဖြိုးရေးကို သိသိသာသာဖော်ဆောင်နိုင်ရန်အတွက် လုပ်နည်းစနစ်ကောင်းများ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဒီအတွက် “One State- One Township” ပြည်နယ်တစ်ခု၊ မြို့နယ်တစ်ခု စီမံချက်ဆိုပြီး ဖွံ့ဖြိုးရေး အစီအစဉ် တစ်ခုစီကို ချမှတ်ကာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၏ ကြီးကြပ်မှု၊ စီမံ ခန့်ခွဲမှုအောက်မှာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအနေနှင့် ဆက်စပ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 

 

မိမိတို့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများကိုယ်တိုင် ဖော်ထုတ်ထားသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ Vision, Mission များနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို မိမိတို့ဝန်ထမ်းအားလုံး စနစ်တကျဝိုင်းဝန်း အကောင်အထည် ဖော်ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းမှာကြားလိုပါကြောင်း။ 

 

ယခုအချိန်တွင် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာပြ ဆောင်ရွက်ပေးနိုင်ရန် ပြည်သူကို မျက်နှာမူသည့် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ်ဖြစ်လာရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည့်အတွက် အဓိကအချက်(၃)ချက်ကို အလေးထား ဆောင်ရွက်ရန် မှာကြားလိုပါကြောင်း။

 

နံပါတ် (၁) ပြည်သူများပါဝင်မှုကို မြှင့်တင်ပေးသည့် အထွေထွေအုပ်ချုပ်ရေး ဖြစ်ပေါ်လာစေရန် ပြည်သူနှင့်တွေ့ဆုံပါ။ ပြည်သူနှင့်တိုင်ပင်ပါ။ ပြည်သူဆီက အကြံ ဉာဏ်ယူပါ၊ ပြည်သူအတွက် အမြဲအသင့်ရှိနေအောင် ကြိုးစားပါ။ ပြည်သူများနှင့် တစ်သားတည်း ရပ်တည်ဆောင်ရွက်တတ်တဲ့ အုပ်ချုပ်ရေးယန္တရားဖြစ်အောင် ကြိုးပမ်းပေးကြပါဟု ပြောကြားလိုကြောင်း။

 

နံပါတ်(၂) ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်းအောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ပေးကြပါ၊  ဥပဒေ၊  စည်းမျဉ်းစည်းကမ်း၊  လုပ်ထုံးလုပ်နည်း များနှင့်အညီ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် ဂရုတစ်စိုက် ဆောင်ရွက် ပေးကြရန်၊ လာဘ်ပေးလာဘ်ယူကင်းစင်ပြီး သန့်ရှင်းသည့် အုပ်ချုပ်ရေးယန္တရား ဖြစ်အောင် ဦးတည်ကြိုးပမ်းရာမှာ မိမိတို့အနေနှင့် အဂတိလိုက်စားမှုများကို ပြင်းပြင်း ထန်ထန်အရေးယူသွားမှာကိုလည်း သတိပေးလိုပါကြောင်း။ 

 

နံပါတ် (၃) ပြုပြင်မှ ပြောင်းလဲမည်ဆိုသည်ကို သိထားပြီးဖြစ်သည့်အတွက် အပြောင်းအလဲများကို ရှေ့ရှုပြီး ပြုပြင်သင့်သည်များကို ရဲရဲတင်းတင်းပြုပြင်ကြပါရန်၊ မည်သည့် ကဏ္ဍမှာမဆို ပြုပြင်ပြောင်းလဲမှုဆိုသည်မှာ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်၊ ခံယူချက်များမှ စတင်သည့်အတွက် ပြုပြင်ပြောင်းလဲလိုစိတ် ခိုင်ခိုင်မာမာမွေးမြူကြရန် ဝန်ကြီးဌာနက ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစား လိုက်နာဆောင်ရွက်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းတွေကို မှာကြားချင်တာကတော့ လုပ်နေကျ အလုပ် များကို ပိုမိုကောင်းမွန်အောင်၊ ပိုမိုထိရောက်အောင် သတိပြုပြီး ဆောင်ရွက်ကြရန်၊ ချမှတ်ပေးလိုက်သည့် မူဝါဒများကို စိတ်ဝင်တစ်စား လေ့လာသုံးသပ်ပြီး မိမိအလုပ် ခွင်က လုပ်နည်းလုပ်ဟန်များကို ပြောင်းလဲနိုင်အောင် ကြိုးစားကြရန်၊ အခြေခံအကျဆုံး ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ယဉ်ကျေးစွာဆက်ဆံနိုင်အောင် အားထုတ်ကြရန်၊ ပြည်သူများအတွက် တာဝန်ထမ်းဆောင်နေရသည်ကို နှလုံးသွင်းပြီး ကြိုးစားကြရန်၊ “ပြုပြင်ပြောင်းလဲရေးအစ ထွေ/အုပ်က” ဆိုသည်ကို အမှန်တကယ်လက်တွေ့မြင် တွေ့နိုင်ရန် တက်ညီလက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ပေးကြရန် အလေးအနက်ထား တိုက်တွန်းရင်း နိဂုံးချုပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာ နများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက် ရန်မှာကြားသည်။

 

 (သတင်းစဉ်)