နေပြည်တော် ဇန်နဝါရီ ၃

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ ဘက်ထရီလျှပ်စစ်စက်ခေါင်းအမှတ်၊ 1600-04 ဖြင့် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း၌ ရထားစမ်းသပ်မောင်းနှင်နေမှုကို လိုက်ပါစီးနင်းပြီး လမ်းပိုင်းနှင့်ဘူတာများ၊ တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-တောင်ငူ ရထားလမ်းပိုင်း ပြည်ဝင် ဘူတာသို့ ရောက်ရှိပြီး ဘူတာတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ  ဖြစ်စေရေး စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

 

ယင်းနောက် မြို့လှဘူတာသို့ရောက်ရှိပြီး မြို့လှဘူတာပျက်စီးမှုကို ပြန်လည်ပြုပြင်ရန်နှင့် ဘူတာ ယာဒ်ဝင်းနှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပစေရေး ထိန်းသိမ်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။

 

ထို့နောက် ပျဉ်းမနား-တောင်ငူလမ်းပိုင်းအတွင်း ကျွန်းကုန်းဘူတာအနီး Automatic Levelling Lining Tamping Machine စက်ဖြင့် ကျောက်ပါကင်ရိုက်ခြင်းနှင့် သံလမ်း Level ချိန်ညှိနေမှုကို ကြည့်ရှု စစ်ဆေးပြီး နေပြည်တော်နှင့် တောင်ငူအကြား အမြန်နှုန်း ၇၅ ကီလိုမီတာနှုန်း အပြည့်အဝ မောင်းနှင်နိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းပြုပြင် ဆောင်ရွက်ရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာသို့ရောက်ရှိပြီး ယင်းမှတစ်ဆင့် တောင်ငူမြို့ မြို့ရှောင်ရထားလမ်း ဖောက်လုပ်နေသည့်နေရာသို့ ကြည့်ရှုစစ်ဆေးကာ ဖို့မြေဖို့ရာတွင် အောက်ခံနုန်းမြေသားများ ပြောင်စင်အောင်ဖယ်ထုတ်ပြီးမှ Compression ရအောင် တစ်လွှာပြီး တစ်လွှာဖို့၍ ကြိတ်ရန်၊ အမာခံခံနိုင်အားကို စနစ်တကျမှတ်တမ်းတင်ထားရှိရန်၊ ရထားလမ်းမှ ၇၅ ပေအကွာ နယ်နိမိတ်တစ်လျှောက် ရေနုတ်မြောင်း တစ်ပါတည်းတူးဖော်ရန်နှင့် သတ်မှတ် အကွာအဝေးအလိုက် သစ်ပင်များကို လာမည့်မိုးရာသီတွင် အပြီးစိုက်ပျိုးရန်၊ မြို့ရှောင်လမ်း ဘူတာပရဝဏ် မြေဖို့လုပ်ငန်းကို ၂၀၂၆ ခုနှစ် ဧပြီလကုန်အပြီး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ တောင်ငူမှ နေပြည်တော်သို့ ဘက်ထရီလျှပ်စစ် စက်ခေါင်းရထားတွဲဆိုင်းဖြင့် ပြန်လည်စီးနင်းခဲ့သည်။

 

အဆိုပါ လျှပ်စစ်စက်ခေါင်းသည် နိုင်ငံတော်ယာယီ သမ္မတ၏ လမ်းညွှန်ချက်အရ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) မှ တပ်ဆင်ထုတ်လုပ်ခဲ့သော စက်ခေါင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း လေးခေါင်းမြောက် တည်ဆောက်ခဲ့သည့် စက်ခေါင်းဖြစ်ကြောင်းနှင့် ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ ထုတ်လုပ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်